မန္တလေး စက်တင်ဘာ ၄
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသား အဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊လုပ်ငန်းရှင်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရမည့် ကျွမ်းကျင်လုပ်သား များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ရှိသူများ၊ စစ်ဆေးအကဲဖြတ်သူများ စုစု ပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ် ပြဋ္ဌာန်းရေး အဖွဲ့(NSSA) သည် နိုင်ငံ၏ သက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးကဏ္ဍ (TVET) ကို မြှင့်တင် ပေးရုံသာမက လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိပြီး တရားဝင် ပညာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ် အားနည်းခဲ့သည့် လုပ်သားများကို ၎င်းတို့၏ ကျွမ်းကျင်မှုအဆင့်နှင့်အညီ စနစ်တကျစစ်ဆေးအကဲဖြတ်ပြီး ဖြေဆိုအောင်မြင်သူများကို တရား ဝင် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးလျက် ရှိကြောင်း၊
၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ အထိ အလုပ်အကိုင် (၄၂) မျိုးတွင် ကျွမ်းကျင်မှု အဆင့်-၁ (၂၉,၉၀၈) ဦး၊ အဆင့်-၂ (၃,၁၅၁) ဦးနှင့် အဆင့်-၃ (၂၅) ဦး၊ စုစုပေါင်း (၃၃,၀၈၄) ဦး တို့အား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့အတွင်း အလုပ်အကိုင် (၄)မျိုးအတွက် စစ်ဆေးအကဲဖြတ်ရာတွင် ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့သည့် အရည်အသွေးပြည့်မီသူ (၂၂၇)ဦး၊ စစ်ဆေးအကဲဖြတ်သူ (၂)ဦးနှင့် စစ်ဆေး အကဲဖြတ် ရေးဌာန(၂)ခုတို့အား အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ် ပြုလက်မှတ် များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အဆိုပါ မြို့တော်ခန်းမ၌ လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးလှကြွယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် စက်မှုဇုန်များမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်း ဒေသကြီးသည် အလုပ်ရှင်၊ အလုပ်သမားအကြား ယုံကြည်မှု ခိုင်မာအားကောင်းပြီး လုပ်ငန်းခွင်အေးချမ်း သာယာမှု ရှိခြင်းကြောင့် စံနမူနာ ကောင်းကို အခြေခံပြီး လုပ်ငန်းခွင် အေးချမ်းသာယာမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် လိုအပ်ပါကြောင်း၊
အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အမှန် တကယ်ကြုံတွေ့နေရသည့် အခက်အခဲများ ကို ဆွေးနွေး ပေးကြရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံး ဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ ကုန် ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား ခဲ့ပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ခင်းကျင်း ပြသထားသည့် အလုပ်သမားရေးရာဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ဆွေးနွေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ တက်ရောက်လာကြသော အလုပ်ရှင်/ အလုပ်သမား ကိုယ်စားလှယ်များ၏ ဆွေးနွေး တင်ပြချက်များကို အလုပ်သမားရေးရာဆက်ဆံ ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည် ရှင်းလင်းတင်ပြခဲ့ပြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မိတ်ဖက် ဦးစီးဌာနများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

