အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ  ၂၄ ရက်

ယခုကာလတွင် မိမိတို့နိုင်ငံသားအချို့သည် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်ရာ၌ ၁၉၉၉ခုနှစ်၊ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသော ပွဲစားများနှင့် အဖွဲ့အစည်း အချို့  ၏ မမှန်ကန်သော ဆွဲဆောင် စည်းရုံးမှုများကို ကြုံတွေ့နေရပါသည်။ အဆိုပါပွဲစားများသည် အလုပ်ခေါ်စာ (Demand Letter) နှင့် အလုပ်လုပ် ကိုင်ခွင့်ပါမစ် (Work Permit)အပါအဝင် စာရွက်စာတမ်း အထောက်အထား အတုများကို အသုံးပြု၍ အလုပ်သမားများအား လိမ်လည် စေလွှတ် လျှက်ရှိကြောင်းစိစစ်တွေ့ရှိရပါသည်။

ယင်းသို့ စာရွက်စာတမ်းအတုများဖြင့် သွားရောက်ခြင်းကြောင့် ကျွန်ုပ်တို့၏ နိုင်ငံသားများမှာ ပြည်ပရောက်သည့်အခါတွင်-

 * အလုပ်အကိုင် အာမခံချက်မရှိခြင်း၊

 * ဥပဒေမဲ့ လူကုန်ကူးခံရခြင်းနှင့် ဖမ်းဆီးအရေးယူခံရခြင်း၊

 *အခက်အခဲကြုံတွေ့ရပါက ထိရောက်သော လူမှုရေးအကာအကွယ်စောင့်ရှောက်မှု  (Social Protection) ရယူရန် ခက်ခဲခြင်း စသည့် နစ်နာမှုများကိုရင်ဆိုင်နေကြရပါသည်။

ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်နှင့် ရည်ရွယ်ချက်

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လေဆိပ်နှင့် နယ်စပ်ထွက်ပေါက်များတွင် အထောက်အထားများကို တင်းကျပ်စွာ စိစစ်နေရခြင်းမှာအောက်ပါအချက်များအတွက် ဖြစ်ပါသည်-

၁။ နစ်နာမှုများမှ ကာကွယ်ရန်: စာရွက်စာတမ်းအတုများကြောင့် ပြည်ပတွင် တရားမဝင် ဝင်ရောက်သူများ အဖြစ်ဖမ်းဆီးခံကြရခြင်း  နှင့် ငွေကြေးအလိမ်ခံရခြင်းတို့မှ ကြိုတင် တားဆီးကာကွယ်ပေးရန်။

၂။ တရားဝင်မှု ရှိစေရန်: (Overseas Worker Identity Card – OWIC) ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ရရှိရန်သင်တန်းတက်ရောက်ရယူပြီး တရားဝင်လမ်းကြောင်းများမှ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းဖြင့် အဆိုပါနိုင်ငံ၏ အလုပ်သမားဥပဒေအရ အပြည့်အဝ အကာအကွယ်ရရှိစေရန်။

၃။ နိုင်ငံသားအခွင့်အရေး ရရှိရန်: ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ သံရုံးများ၊ အလုပ်သမားသံအရာရှိများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်းပေးနိုင်ရန်။

သတင်းမှားများအပေါ် သတိပြုရန်

လတ်တလောကာလတွင် အလုပ်သမားဝန်ကြီးဌာန၏စနစ်တကျ စိစစ်ဆောင်ရွက်မှု များအပေါ် အထင်အမြင် လွဲမှား စေရန်နှင့် လုပ်ငန်းစဉ်နှောင့်နှေးစေရန် ရည်ရွယ်၍ ယဉ်ကျေးမှုမရှိသော အသုံးအနှုန်းများ၊ အခြေအမြစ်မရှိသော သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ချိ နေသည်ကို တွေ့ရှိရပါသည်။ မိဘပြည်သူများနှင့် အလုပ်သမားများအနေဖြင့် ထိုကဲ့သို့သော သွေးထိုးလှုံ့ဆော်မှုများကို ယုံကြည်ခြင်းမရှိဘဲ မိမိတို့၏ ဘေးကင်း လုံခြုံရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပူးပေါင်းလိုက်နာပေးပါရန် တိုက်တွန်းအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာနသည် မိမိတို့နိုင်ငံသားများ ပြည်ပတွင် ဂုဏ်သိက္ခာရှိစွာဖြင့် ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။