အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                    ဇန်နဝါရီ ၁၉

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ လူငယ်များ အလုပ်အကိုင်တိုးတက်ရရှိစေရေးနှင့် လုပ်သားများ လုပ်ငန်းကျွမ်းကျင်မှုရရှိစေရေး ရည်ရွယ်ဖွင့်လှစ်သည့် Electric Vehicle Technical Training သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့်အမှာ စကား ပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် မြန်မာလုပ်သားထု၏ လုပ်ငန်းစွမ်းဆောင် ရည်တိုးတက်မြင့်မားစေရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်တော်ကောင်းမွန်သော အလုပ် အကိုင်များ တိုးတက်ရရှိရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်းများ၌ ဈေးကွက်လိုအပ်ချက်များသော အလုပ်အကိုင်များဖြစ်သည့် လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း၊ ဂဟေဆက်ခြင်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်း၊ မော်တော်ယာဉ် စက်ပြင်၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း၊ ဆိုလာတပ်ဆင်ခြင်း၊ ယိုမျိုးစုံထုတ်လုပ်ခြင်း၊ မိုဘိုင်းဖုန်း ပြုပြင်ခြင်းနှင့် ဆောက်လုပ်ရေးအလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊  

          ယခုအခါ ဝန်ကြီးဌာနသည် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် KG+9၊  တက္ကသိုလ် ဝင်တန်းစာမေးပွဲ မအောင်မြင်သည့် KG+12 အဆင့် ကျောင်းသားများနှင့်ပတ်သက်၍ ၎င်းတို့၏ ပညာအရည်အချင်းအပေါ်မူတည်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဆောင်ရွက်ပေးနိုင်သည့် သက်မွေးပညာသင်တန်းများကိုလည်း ပို့ချပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် ချိတ်ဆက် ပေးနိုင်ရန် ဦးစားပေးလုပ်ငန်းစဉ်များအဖြစ် စီမံဆောင်ရွက်နေပါကြောင်း၊

          ထို့အပြင် လုပ်ငန်းခွင်သို့ဝင်ရောက်ပြီး လုပ်သားများ၏ လုပ်ငန်းကျွမ်းကျင်မှုများ တိုးတက် မြင့်မားစေရေးအတွက် လုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းပြီး Skills Upgrading သင်တန်းများ၊ အသေးစားလုပ်ငန်းများကို တစ်နိုင်တပိုင်အဖြစ် ကိုယ်ပိုင်လုပ်ကိုင်နိုင် ရေးအထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိခြင်းကြောင့် လုပ်သားထု၏ဘဝ တစ်သက်တာ သင်ကြားလေ့ကျင့်မှုကို ဖြစ်ပေါ်စေကာ သူတို့၏ life carrier များကိုလည်း မြှင့် တင်သွားရန် ရည်ရွယ်ပါကြောင်း၊

           နိုင်ငံများတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ကာဗွန်အခိုးအငွေ့များ zero အထိ လျော့ချနိုင်ရန် ရည်ရွယ်၍ တွင်ကျယ်စွာ အသုံးပြုလာကြသည့် လျှပ်စစ်ကား (Electric Vehicle) များကို ပြုပြင်ထိန်းသိမ်းကြမည့် လုပ်သားများအတွက် နည်းပညာဆိုင်ရာ အသိပညာများ တိုးတက်ရရှိစေရန်နှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို နည်းစနစ်မှန်ကန်စွာဖြင့် ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး သင်တန်းကို စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊  

 ပို့ချမည့်သင်ခန်းစာများတွင် လျှပ်စစ်ကားများ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ လျှပ်စစ် ကားအမျိုးအစားနှင့် အစိတ်အပိုင်းများ၊ ဘက်ထရီအမျိုးအစားများနှင့် နည်းပညာများ၊ အားသွင်းခြင်း ဆိုင်ရာ စံချိန်စံညွှန်းများ၊ လျှပ်စစ်ကားမော်တာများနှင့် ထိန်းချုပ်စနစ်များ၊ ပြစ်ချက်ရှာဖွေခြင်းနှင့် ဖြေရှင်းပြင်ဆင်ခြင်းများကို သီအိုရီပိုင်းများဖြင့် ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံတွင် လက်ရှိအသုံးများသည့် လျှပ်စစ်ကားများကိုအသုံးပြု၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် သေချာစွာလေ့လာမှတ်သားပြီး လက်တွေ့အသုံးချရန်လိုကြောင်း မှာကြား၍           သင်တန်းတွင်အသုံးပြုမည့် လျှပ်စစ်ကားများနှင့် သင်ထောက်ကူပစ္စည်းများ ပြင် ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဦးစီးဌာန၊ အဖွဲ့များမှ တာဝန်ခံများနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိအထည်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံတာဝန်ခံ များ၊ အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံ များနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်အခြေအနေများ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များလမ်းညွှန်မှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။