အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                   ဇန်နဝါရီ ၁၆။

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ အင်းစိန်မြို့နယ်ရှိ ရတနာဂဟေ ဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)တွင် ဂဟေဆက်အလုပ်အကိုင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

            သင်တန်းကျောင်းတာဝန်ခံက ရတနာဂဟေဆက်နည်းပညာ သင်တန်းကျောင်း (အောင်ဆန်း) ကို ၂၀၁၆ ခုနှစ်၌ စတင်တည်ထောင်၍ ဂဟေဆက်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂဟေဆက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ကာလတိုသင်တန်းများဖွင့်လှစ်၍ နည်းပညာ၊ သက် မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ပီတီတီအီးပီ အင်တာနေရှင်နယ်လီမိတက် (ရန်ကုန် ရုံးခွဲ) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းကျောင်းအနေဖြင့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန အဖြစ် ၂၀၁၈ ခုနှစ်မှစတင်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းတင်ပြပါသည်။

          ဒုတိယဝန်ကြီးကအလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၌ လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက် လာမှုအရ ဖွံ့ဖြိုးလာသော အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ အခြေခံကုန်ထုတ်လုပ်ငန်းများသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် မြန်မာလုပ်သား ဈေးကွက်တွင် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများ လိုအပ်လာပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်နေသော မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့သည် မြန်မာလုပ်သားဈေးကွက်တွင် ကျွမ်းကျင် လုပ်သား အထူးလိုအပ်နေသော အလုပ်အကိုင် (၄၂) မျိုးတွင် ကျွမ်းကျင်လုပ်သားအဆင့် (၄) ဆင့် သတ်မှတ်၍ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်လျက်ရှိပါကြောင်း၊ လက်ရှိ အချိန်အတွင်း ကျွမ်းကျင်လုပ်သား (၃၀,၀၀၀) ကျော်ကို အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊

          အစိုးရ၊ ပုဂ္ဂလိက သက်မွေးပညာသင်တန်းကျောင်းများအနေဖြင့် အရည်အသွေးအာမခံချက် ရှိသော ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချ၍ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်၌ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ သင်တန်းဆင်းများအား သင့်တော်ကောင်းမွန် သော အလုပ်အကိုင်များရရှိစေရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရ လုပ်သားများ ပိုမို မွေးထုတ်ပေးရေး ကြိုးပမ်းဆောင်ရွက်ရန် အားပေးမှာကြားပြီး သင်တန်းကျောင်းတွင် ဂဟေဆက် အလုပ်အကိုင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။