အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          ဩဂုတ် ၇

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာ စကား ပြောကြားသည်။

 ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဦးတည်ချက် (၄)ရပ်တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး အချက်သည် ဝန်ထမ်းအားလုံး အလေးထား လိုက်နာဆောင်ရွက်ရမည့် ဦးတည်ချက်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်နိုင်ငံ့ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပြီး ကုန်ထုတ်လုပ်မှု တိုးတက်ရေး စွမ်းဆောင်နိုင်ရန်လိုကြောင်း  “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းကြစို့” ဟူသည့် လှုံ့ဆော်တိုက်တွန်းချက်များကို လမ်းညွှန်ချက်အဖြစ်နာယူပြီး မျှော်မှန်းချက်များ ပြည့်ဝ စေရန် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း။

စီးပွားရေးတိုးတက်သည့် နိုင်ငံများတွင် စွမ်းဆောင်ရည်ပြည့်ဝပြီး အလိုက်သင့် ပြောင်းလဲ နိုင်စွမ်းနှင့် တီထွင်ဆန်းသစ်မှုများ‌ကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိတာ လေ့လာ တွေ့ရှိရကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးနှင့် ကုန်ထုတ်လုပ်မှု အရေးကြီး ပြီး နိုင်ငံတော်ကို ပညာဖြင့် ဦးဆောင်၊ ပညာဖြင့် စီမံခန့်ခွဲပြီး ပညာအခြေခံသော ဖွံ့ဖြိုးတိုး တက်မှုဆီ လျှောက်လှမ်းရမည် ဖြစ်ကြောင်း၊ အခြေအနေ၊ အချိန်အခါအလိုက် လိုအပ်ချက်များ ရှိနေမည် ဖြစ်သော်လည်းစေတနာထားပြီး နိုင်ငံချစ်စိတ်၊ သစ္စာစောင့်သိစိတ်၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်စိတ်နှင့် ကျွမ်းကျင်မှုပြည့်ဝစွာဖြင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် အဓိက ဖြစ်ကြောင်း။

အောင်မြင်မှုပန်းတိုင်ဆီတက်လှမ်းရာတွင် စိန်ခေါ်မှုများရှိနိုင်ပြီး မျှော်လင့်မထားသည့် အချက်များကို ကြိုတင်မျှော်တွေးပြီး လိုအပ်သည်များပြင်ဆင်ကာ စည်းကမ်းတကျ အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုပါကြောင်း၊ စည်းကမ်းသည် မိမိပန်းတိုင်နှင့် ပြီးမြောက်မှု ကြားက ဆက်စပ်ထားသည့် အကွာအဝေး တစ်ခုသာဖြစ်ပြီး ပြင်းပြသည့် စိတ်ဓာတ်နှင့် ယုံကြည်မှု တည်ဆောက်ကာ “ကြိုတင် ပြင်ဆင်အောင်ပွဲဝင်၊ စိတ်ဓာတ်ကောင်းရင် အောင်ပွဲဆင်” ဆိုသည့် အတိုင်း ထက်သန်သည့် ဆန္ဒ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု အပြည့်ဖြင့် ဝန်ကြီးဌာန၏ “ပေါင်းစည်းဟန်ချက် စွမ်းအားတက်” “Synchronizing Manpower” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။