အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                      ဩဂုတ် ၁

          ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အတွက် ခန့်အပ် တာဝန်ပေးအပ်ခဲ့သည့် ဆရာဝန်(သစ်လွင်)များကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ယာယီရုံး အဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တက်ရောက်ခဲ့သည်။

          အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)(မန္တလေး) တို့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်(သစ်လွင်)များ၊ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြ သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်  ခိုင်မာ စေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး ပါဝင်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိနိုင်စေရန် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ဆရာဝန်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတစ်ဆင့် ရွေးချယ်ခန့်ထားခြင်း၊ ဆရာဝန်/ သူနာပြု နှင့် ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများအား စာချုပ်စနစ်ဖြင့်ခန့်ထားခြင်း၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အတွက် ဆရာဝန်(သစ်လွင်) (၁၄)ဦးတို့အား ခန့်အပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ နှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ငွေကြေး အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများကို လူမှုဖူလုံရေးအဖွဲ့ပိုင် ရန်ကုန်နှင့် မန္တလေးတို့ရှိ အလုပ်သမားဆေးရုံကြီး/ မြို့နယ်လူမှုဖူလုံရေးဆေးခန်း/ ဌာနကြီးဆေးခန်း ၊ တိုင်းရင်းဆေးကုခန်း  ပုဂ္ဂလိကနှင့်ပူးပေါင်း ဆောင်ရွက်သည့် စာချုပ်ဆေးခန်း၊ သားဖွားခန်းနှင့် ရွေ့လျားဆေးကုသယာဉ်များအပြင် အလုပ်သမားဆေးရုံကြီး(ရန်ကုန်)၊(မန္တလေး)တို့၌ ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊

          အလုပ်သမားဆေးရုံကြီးများကို အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် လိုအပ်သည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ခန့်ထားခြင်းနှင့် ခေတ်မီဆေးပစ္စည်းကိရိယာများ ဖြည့်တင်းဆောင်ရွက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာဝန်(သစ်လွင်)များအနေဖြင့် အလုပ်သမား ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့်လက်တွဲ၍ ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံများအားလုပ်ငန်းခွင်လက်တွေ့ လေ့လာသင်ယူကြရန်နှင့် Professional/ Career Development အတွက် ဘွဲ့လွန်ဆေးပညာရပ်များ ဆည်းပူးလေ့လာ နိုင်ရေး ဌာနအနေဖြင့် လိုအပ်သည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊

ဆရာဝန်(သစ်လွင်)များအနေဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းသည် နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိခြင်းကြောင့် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ အာမခံအလုပ်သမားများအပေါ် နွေးထွေးပျူငှာစွာဖြင့် စေတနာထား ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမား ဆေးရုံကြီး (ရန်ကုန်)(မန္တလေး) တို့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်(သစ်လွင်)များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။