ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံစက်မှုဇုန်၊ ဗိုလ်တေဇလမ်း၊ မြေကွက်အမှတ် (၂၂၀၊ ၂၂၁) ရှိ Mr. Liu Wei (တရုတ်နိုင်ငံသား) ပိုင်ဆိုင်သည့် Three Millet Garment Co.,Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦးက ၅-၇-၂၀၂၃ ရက်နေ့တွင် (၆/၂၀၂၃) လအတွက် လုပ်ခလစာများကို လစာထုတ်ပေးသည့် ၅-၇-၂၀၂၃ ရက်နေ့တွင် အချိန်မီ ပေးချေခြင်းမရှိကြောင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မရမ်းကုန်း ခရိုင်ရုံးသို့ ဖုန်းဖြင့်ဆက်သွယ် တိုင်ကြားလာခဲ့ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၅-၇-၂၀၂၃ ရက်နေ့တွင် ရွှေပေါက်ကံနယ်မြေစခန်းမှူး၊ ရွှေပေါက်ကံအုပ်ချုပ်ရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာန အောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ လုပ်ငန်းပိုင်ရှင်၊ HR Managerနှင့် အလုပ်သမားကိုယ်စားလှယ် ဦးကျော်သက်ခိုင်ပါ ၇ ဦး တို့အား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ အလုပ်သမား ကျား (၇၃) ဦး၊ မ (၁၇၅) ဦး၊ ပေါင်း (၂၄၈) ဦးတို့၏ (၆/၂၀၂၃) လအတွက် လုပ်ခလစာ၊ ဒေးကြေး၊ အချိန်ပိုလုပ်ခ၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး စုစုပေါင်းအကျိုးခံစားခွင့်ငွေကျပ် ၇၈,၅၃၀,၂၀၀ အနက်မှ ကျပ် ၃၉,၂၆၅,၁၀၀ ကို ၅-၇-၂၀၂၃ ရက်နေ့တွင် ပေးချေခဲ့ပြီး ကျန်ရှိသည့်ငေွ ကျပ် ၃၉,၂၆၅,၁၀၀ နှင့် အလုပ်မှနုတ်ထွက်မည့် အလုပ်သမား (၁၆၄)ဦးတို့၏ ၁-၇-၂၀၂၃ ရက်နေ့ မှ ၄-၇-၂၀၂၃ ရက်နေ့ထိ လုပ်ခလစာအား ၁၅-၇-၂၀၂၃ ရက်နေ့တွင် ရှင်းလင်းပေးချေရန် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန

