ရန်ကုန် စက်တင်ဘာလ ၁
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဒဂုံမြို့နယ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ပင်လုံခန်းမသို့ ယနေ့ နေ့လည်ပိုင်းတွင် ရောက်ရှိ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ရှိ အလုပ်သမားရေးရာတိုင်းဦးစီးမှူးများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်မည့်အလုပ်သမားများအား ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီများက ထိုင်းလုပ်ငန်းရှင် များနှင့် အလုပ်သမားများ စာချုပ်ချုပ်ဆိုနေမှုနှင့် မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စွာ ပေးပို့နိုင်ရေး ပုဂ္ဂလိက ဘဏ်များမှ ဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဒုတိယဝန်ကြီးက မှာကြားရာတွင် အလုပ်သမားများထံမှ ကောက်ခံရမည့် ဝန်ဆောင် စရိတ်နှုန်းထားကို သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံခြင်းမပြုရန်၊ ထိုင်းနိုင်ငံဘက်နှင့် မြန်မာနိုင်ငံ ဘက်မှ သတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက် ပိုမိုပေးဆောင်ရခြင်း မရှိရေး လိုင်စင်ရ အေဂျင်စီများက အလေးထားဆောင်ရွက်ရန်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲရှိပါက ရွှေ့ပြောင်းအလုပ်သမားဌာနခွဲနှင့် တိုင်ကြားမှုဌာနသို့ ကြေညာပေးထားသည့် ဖုန်းနံပါတ်များထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း။
မြန်မာနိုင်ငံသားများအနေဖြင့် လိုင်စင်ရအေဂျင်စီများဖြင့် ချိတ်ဆက်ခြင်းမရှိဘဲ တရား မဝင် ပို့ဆောင်သူ/ ပွဲစားများနှင့် ချိတ်ဆက်၍ တရားမဝင် သွားရောက်ခြင်းကြောင့် လူကုန်ကူးခံ ရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့် အဝ မရရှိခြင်းနှင့် အခြားသော လူ့အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပြီး အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် MoU လုပ်ငန်းစဉ်အတိုင်း တရားဝင်သွားလာရန်လိုကြောင်း။
ပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမား အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝ ရရှိနိုင်ပြီး လူကုန်ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်နိုင်ငံများ၌ လွတ်လပ်စွာ သွားလာနိုင်ခြင်း၊ လုပ်ငန်းခွင်၌ စိတ်ချလုံခြုံစွာ လုပ်ကိုင် နိုင်ခြင်း၊ အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း။
ပြည်ပတွင် နေထိုင်စဉ် ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ပေးပို့သည့် ဝင်ငွေသည် နိုင်ငံ့ စီးပွားအတွက် များစွာ အထောက်အကူဖြစ်စေ၍ မိသားစုလွှဲပို့ငွေများ တရားဝင်လွှဲပို့နိုင်ရေး အေဂျင်စီများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများကို ဆိုက်ရောက်နိုင်ငံရှိ ဗဟိုဘဏ်မှ ခွင့်ပြု ပေးထားသော ပုဂ္ဂိလိက မြန်မာနိုင်ငံသားဘဏ်များဖြင့် ချိတ်ဆက်ပေးပို့နိုင်ရေး ကူညီဆောင်ရွက် ပေးရန်လိုကြောင်း။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် လက်ခံနိုင်ငံသို့ အလုပ် သမားမထွက်ခွာမီ မြန်မာနိုင်ငံရှိ နိုင်ငံခြားငွေ လွှဲပို့နိုင်မည့် ဘဏ်တစ်ခုခု၌ ဘဏ်စာရင်းဖွင့်လှစ်၍ အဆိုပါ ဘဏ်မှတစ်ဆင့် မိသားစုလွှဲပို့ငွေကို မြန်မာအလုပ်သမားမှ တရားဝင်လွှဲပို့နိုင်ရေးအတွက် အေဂျင်စီမှ ကူညီဆောင်ရွက်ပေးရန် စည်းကမ်းချက်နှင့်အညီ စေတနာထား ဆောင်ရွက်ပေးရန် လိုကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားမဝင်ငွေလွဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင် ငွေလွဲလုပ်ငန်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာစေရန် ပြည်ပငွေလွဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပြီး ပြည်ပငွေလွဲလိုင်စင်ရ ကုမ္ပဏီများအနေဖြင့် စည်းမျဉ်းစည်းကမ်း နှင့်အညီ ဆောင်ရွက်ရန် ကြီးကြပ်ပေးလျက်ရှိကြောင်း။
ပြည်ပမှ ငွေလွှဲသည့် ဝန်ဆောင်မှု ဆောင်ရွက်ခွင့် ရရှိထားသည့် ရွှေဘဏ်၊ ကမ္ဘောဇဘဏ်၊ United Amara ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာမိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ လီမီတက်မှ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအတွက် မိသားစုလွှဲပို့ငွေများ အဆင်ပြေ ချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းမှာကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ဇူလိုင်လကုန်ထိ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ပြန်လည်ပေးပို့သော မိသားစုလွှဲပို့ငွေမှာ အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

