အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                   စက်တင်ဘာ

          မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးဦးစီးမှူးများဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅)ရှိ  အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု ထက်ဦးသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းတာဝန်ခံမှ ထက်ဦးသင်တန်း ကျောင်းတွင် ပိုက်ဆက်သင်တန်းနှင့် အဆင့်မြင့် ကျောက်ပုံးရိုက်သင်တန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ နှစ်လတာ သင်တန်း ၁၂ ကြိမ် ဖွင့်လှစ် ပို့ချရန် လျာထားကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

          ဒုတိယဝန်ကြီးက ထက်ဦးသင်တန်းကျောင်းသည်  ၂၀၁၅ ခုနှစ်ကတည်းက  မှတ်ပုံတင် လက်မှတ် ရယူဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းများကို စင်ကာပူနိုင်ငံမှ ကျွမ်းကျင်သင်တန်း နည်းပြများဖြင့် စစ်ဆေးမှုခံယူ၍ အလုပ်အကိုင် ချိတ်ဆက်ပေးနိုင်ခဲ့ကြောင်း သိရ၍ အစဉ် အလာကောင်းကို ဆက်လက်ထိန်းသိမ်းထားရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သား ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော သင်တန်း ကျောင်းများကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိရာ လက်ရှိကာလထိ ဦးစီးဌာန အသိအမှတ်ပြုသင်တန်းကျောင်း (၂၅) ကျောင်းနှင့် NSSA အသိအမှတ်ပြု သင်တန်း ကျောင်း (၉) ကျောင်းရှိကြောင်း၊ ထက်ဦးသင်တန်းကျောင်းများအနေဖြင့် အရည်အသွေး ပြည့်မီသည့် သင်ထောက်ကူပစ္စည်းများ အသုံးပြုရန်၊ လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် သင်ရိုးညွှန်းတမ်းများကို  စာတွေ့/လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်ပြီး အရည် အသွေး ပြည့်ဝသည့် နည်းပြဆရာများဖြင့် သင်ကြားပို့ချခြင်းဖြင့် သင်တန်းဆင်းများ လုပ်ငန်းခွင်သို့ ဝင်ရောက် ချိန်တွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထက်ဦးသင်တန်းကျောင်းမှ အမျိုးသား အဆင့် အသိအမှတ်ပြုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး NSSA အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် ဌာနနှင့်  ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ NSSA အသိအမှတ်ပြု သုခစုစံသင်တန်းကျောင်း Assessment Center သို့ ရောက်ရှိရာ ကျောင်းတာဝန်ခံမှ ရှင်းလင်းတင်ပြပြီး  ဂဟေဆက်လုပ်သား ကျွမ်းကျင်မှု အဆင့် (၁) အလုပ်အကိုင်အတွက် ဖြေဆိုသူ (၁၅) ဦးအား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင် ပစ္စည်းကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရေး Familiarization ဆောင်ရွက်နေမှု အခြေ အနေကို ကြည့်ရှု အားပေး၍ သင်တန်းတာဝန်ခံများအား ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးခြင်းသည် ကာယကံရှင်အတွက်သာမက လုပ်ငန်းရှင်နှင့် နိုင်ငံတော်အတွက်ပါ များစွာ အကျိုးသက်ရောက်မှုရှိကြောင်း၊ လေ့ကျင့်သားကောင်း၍ လုပ်ငန်းအတွေ့အကြုံအရ မိမိ သက်မွေးကျောင်းအလုပ်အကိုင်ကို မည်မျှကျွမ်းကျင်မှုရှိကြောင်း အသိအမှတ်ပြုပေးသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) ၏ အသိအမှတ်ပြု လက်မှတ်ရရှိခြင်းဖြင့် ယုံကြည်မှုမြင့်မားလာစေပြီး ပိုမိုကောင်းမွန်သည့် ရလာဒ် ကောင်းများ ရရှိနိုင်ကြောင်း၊

ကျွမ်းကျင်လုပ်သားများအနေဖြင့် အရည်အသွေးပြည့် ထုတ်ကုန်ပစ္စည်းများ စွမ်းအားပြည့် ထုတ်ပေးနိုင်မှုကြောင့် လုပ်ငန်းအပ်နှံသူ၏ ယုံကြည်ကိုးစားမှုရရှိ၍ မိမိလူနေမှုဘဝ မြင့်မား စေရေးအတွက် များစွာ အထောက်အပံ့ ရနိုင်ကြောင်း၊ စစ်ဆေးအကဲဖြတ်သူများ အနေဖြင့်လည်း စစ်ဆေးရေးမှူးကောင်းများ ဖြစ်လာစေရန် Assessor  တစ်ဦး၏ တာဝန်ဝတ္တရားများ လိုက်နာ ရမည့်ကျင့်ဝတ်များ၊ စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ လိုက်နာဆောင်ရွက်ရမည့် အချက် များကို အလေးထားဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။

  မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် (၃၁) မျိုး အတွက်  ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာန ၁၉၉ ခုကို တည်ထောင်နိုင်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ကျွမ်းကျင် လုပ်သား  ၁၈၀၀၀ ဦး ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။