အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                     ဇူလိုင် ၁၈

          အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ)သို့ သွားရောက်၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမှုများနှင့် ပြည်ပအလုပ် အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးနေမှု အခြေအနေများနှင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်အလုပ်သမားများ စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းမှုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား ၂၅-၃-၂၀၂၂ ရက်နေ့မှ ၃၀-၆-၂၀၂၂ ရက်နေ့အထိ စုစုပေါင်း ၃၉၉,၃၉ ဦးအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၁-၂-၂၀၂၁ ရက်နေ့မှ ၃၀-၆-၂၀၂၂ ရက်နေ့အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/ PR ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁၁,၁၂၃ ဦး၊ စင်ကာပူနိုင်ငံသို့ ၁၀,၅၆၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂,၀၈၃ ဦး၊ ဂျပန်နိုင်ငံသို့ ၇,၅၅၈ ဦး၊ မလေးရှားနိုင်ငံသို့ ၃,၂၈၆ ဦးအပါအဝင် ပြည်ပနိုင်ငံ ၅၇ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆,၃၆၅ ဦးကို ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ပေးပြီး စေလွှတ်ခွင့်ပြုပေးခဲ့ကြောင်း၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ)၌ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်ရန် Trade Win အေဂျင်စီအပါအဝင် အေဂျင်စီ ၈ ခုတို့မှ အလုပ်သမား ၈၅၁ ဦးတို့အား အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနေမှုနှင့် Golden Plant အေဂျင်စီ အပါအဝင် အေဂျင်စီ ၃ ခုတို့မှ ကျား ၄၃၀ ဦး၊ မ ၃၇၀ ဦး၊ စုစု‌ပေါင်း ၈၀၀ ဦးတို့အား OWIC ပြုလုပ်ပေးနေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ EPS-TOPIK စာမေးပွဲအတွက် Online စနစ်ဖြင့် စာမေးပွဲလျှောက်လွှာ တင်သွင်းခြင်းကို ၇-၇-၂၀၂၂ ရက်နေ့မှ ၂၃-၇-၂၀၂၂ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး စာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းခြင်းကို ၁၄-၇-၂၀၂၂ ရက်နေ့မှ ၂၃-၇-၂၀၂၂ ရက်နေ့ အထိ ပင်လုံခန်းမ(မြောက်ဒဂုံ)တွင် ကောင်တာ(၈)ခု ဖွင့်လှစ်လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် ၂၀၁၃ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသော Vocational Training Center of CVT Myanmar သို့ သွားရောက်ခဲ့ရာ CVT Myanmar မှ တာဝန်ရှိသူက ဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သင်တန်းကျောင်း အဆောက်အဦ ဆောက်လုပ်ထားမှုများ ဖွင့်လှစ်ပို့ချပေးနေသည့် သင်တန်းများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။

 ပြည်ထောင်စုဝန်ကြီး က အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်သားထု၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများ တည်ထောင်ဖွင့် လှစ်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို ကာလတိုသင်တန်းများ အဖြစ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊

၉-၆-၂၀၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများအား အမှာစကားပြောကြားရာ၌ “ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ဆောင်ရွက် နေကြသည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း ရပ်တန့်နေ၍မရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများ ကြွယ်ဝသည့် မျိုးဆက်သစ် ပညာတတ်လူသား အရင်းအမြစ်များ များစွာမွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို တည်ဆောက် မောင်းနှင်ကြရာတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေး မောင်းနှင်အား၊ ကာကွယ်ရေး မောင်းနှင်အားဟူ၍ မောင်းနှင်အား သုံးမျိုးရှိကြောင်း၊ အခြေခံမှာ စီးပွားရေး အင်အားဖြစ်၍ စီးပွားရေးမောင်းနှင်အားသည် တိုင်းပြည်အတွက် အဓိကကျကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်မှသာလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားထားသဖြင့် မိမိတို့ လုပ်ငန်းတာဝန်ဖြစ်သည့် ကျွမ်းကျင်မှုသင်တန်းများကို အရည်အသွေးပြည့်ဝစွာဖြင့် ဖွင့်လှစ်ပို့ချ နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နိုင်ရန်လိုကြောင်း ပြောကြားခဲ့သည်။

သင်တန်းပို့ချရာတွင် အသုံးပြုသည့် စာသင်ခန်းများ၊ Workshop များ၊ သင်ထောက်ကူ ပစ္စည်းများ၊ စက်ပစ္စည်းများနှင့် လက်သုံးကိရိယာပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများနှင့် ကျန်းမာ ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၆၃) ရပ်ကွက်၊ စက်မှုလမ်း၊ အမှတ် (၂၉၆၄)ရှိ Arbourfield Assessment Center သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ Center မှ တာဝန်ရှိသူက သင်တန်းကျောင်းနှင့် Assessment Center တည်ထောင် ထားရှိမှုနှင့် သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် စစ်ဆေးအကဲဖြတ်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက Welder Level-1 အလုပ်အကိုင်အတွက် လုပ်သား (၁၂) ဦးကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင် စစ်ဆေးအကဲဖြတ်ရေးနည်းလမ်းများ၊ အသုံးပြုမည့် ပစ္စည်းကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး Familiarization ဆောင်ရွက်နေမှု အခြေ အနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျွမ်းကျင်လုပ်သားများကို အရည်အချင်း ပြည့်ဝစေရေးနှင့် Welder အလုပ်အကိုင်အတွက် ကျွမ်းကျင်လုပ်သားများစွာ မွေးထုတ်နိုင်ရေး ဦးစားပေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority – NSSA) အနေဖြင့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် (၃၀) မျိုး အတွက် (၁၉,၅၁၂) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အရည်အသွေးပြည့်ဝသူ (၁၇,၆၃၀) ဦးကို အသိအမှတ်ပြုနိုင်ခဲ့ကြောင်း၊ Welder Level-1 (MMAW, GMAW, FCAW) နှင့် Welder Level-2  (MMAW)  အတွက် (၂,၀၇၄) ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ရာ Level-1 (၁,၆၃၆) ဦးနှင့် Level-2  (၁၅) ဦး စုစုပေါင်း (၁,၆၅၁) ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား (၅၀၀၀) ဦး စစ်ဆေးအကဲဖြတ်ရန် လျာထားသတ်မှတ်ထားပြီး Welder အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုအဆင့် (၁) ၊ အဆင့် (၂) နှင့် အဆင့် (၃) လုပ်သား (၂၀၂) ဦးကို စစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်ရန် လျာထားပါကြောင်းနှင့် လျာထားချက်အတိုင်း ပြည့်မီ အောင် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။