အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                      ဇူလိုင် ၁၇

          မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)၏ အမှုဆောင် ကော်မတီ ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၀၉ :၃၀ နာရီတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပခဲ့သည်။

          အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁) နှင့် (၂)၊ အထွေထွေအတွင်း ရေးမှူးနှင့် အသင်းဝင်အေဂျင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကို ဝန်ကြီးဌာန၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခွင့်ပြုခဲ့ပြီး သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းများနှင့်အညီ ရွေးကောက်ပွဲကြီးကြပ် ဖွဲ့စည်း၍ အမှုဆောင် ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်းကို အသင်းသားများက လျှို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ရာ ယနေ့အခမ်းအနားသည် နဝမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ အမှုဆောင်ကော်မတီကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁) နှင့် (၂)၊ အထွေထွေအတွင်းရေးမှူးတို့ အပါ အဝင် အမှုဆောင်ကော်မတီဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များကို အောင်မြင်စွာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမှုဆောင်ကော်မတီဝင်များမှ လုပ်ငန်းကော်မတီ ၉ ခု ထပ်မံဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊

          မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်အနေဖြင့် အလုပ်သမား ဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံအလိုက် သတ်မှတ်ထားသော ဝန်ဆောင်ခနှုန်းထားများအတိုင်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက ပြည်ပရွှေ့ပြောင်းအလုပ်သမားများထံမှ ကောက်ခံရေးကို လိုက်နာဆောင်ရွက်သွားရန် အမှုဆောင် ကော်မတီက အနီးကပ်ကြီးကြပ်ပေးရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ် ရေးလုပ်ငန်းစဉ်များ ပြန်လည်ခွင့်ပြုနေပြီဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီ များအနေဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန်လိုကြောင်း၊ လုပ်ငန်းကော်မတီအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊

          ပြည်ပသို့ အလုပ်သမားများ တရားဝင်စေလွှတ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၁-၂-၂၀၂၁ ရက်နေ့မတိုင်မီထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၃၁၄ ခု၊ (ထိုင်း) လိုင်စင်ရအေဂျင်စီ ၁၁၄ ခုရှိခဲ့ပြီး ၁-၂-၂၀၂၁ ရက်နေ့မှ ၁၄-၇-၂၀၂၂ ရက်နေ့အထိ  ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ကြီး ၂၉ ခု၊ (ထိုင်း) လိုင်စင် ၂၈ ခု၊ စုစုပေါင်း ၅၇ ခု ထုတ်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် အေဂျင်စီ ၃၄၃ ခုရှိကြောင်း၊

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် အသစ်လျှောက်ထားမှုတွင် ယခင်အချက် (၈)ခုရှိသည့်အနက် အလုပ်ကမ်းလှမ်းလွှာ (Demand Letter) တင်ပြရန်အချက်ကို ပယ်ဖျက် ပေးခဲ့သည့်အပြင် လိုင်စင်လျှောက်ထားချိန်တွင် မန်နေးဂျင်းဒါရိုက်တာ တစ်ဦးတည်း အမည်ဖြင့် ငွေကျပ်သိန်း ၁,၀၀၀ အား (၆)လကြာ ထည့်သွင်းစုဆောင်း ထားစေခြင်းမပြုဘဲ ငွေကျပ်သိန်း ၁,၀၀၀ ထည့်သွင်းစေ၍ ဌာနသို့ ၆ လကြာ ကာလအထိ Update ဖြစ်သည့် ဘဏ်စာရင်း ရှင်းတမ်းကို ဌာနသို့ လစဉ်ပုံမှန်တင်ပြခြင်းနှင့် ကြားကာလတွင် သုံးစွဲခွင့်ရှိပြီး လိုင်စင် သက်တမ်းတိုး လျှောက်ထားတင်ပြချိန်တွင် ကျပ်သိန်း ၁,၀၀၀ ရှိကြောင်း Bank Statement အား တင်ပြစေရန် ပြင်ဆင်ဖြေလျော့ပေးခဲ့ကြောင်း၊

          ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကတ်များကို မြောက်ဒဂုံ မြို့နယ်၊ ပင်လုံသင်တန်းကျောင်းတွင် နေ့စဉ်တနင်္လာနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအတွက် ၈၀၀ ဦး၊ အခြားနိုင်ငံများအတွက် ၂၀၀ ဦး၊ မိမိအစီအစဉ်များအတွက် ၁၀၀ ဦး၊ စုစုပေါင်း ၁၁၀၀ ဦးခန့်ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ တစ်ဆင့်ဖြစ်စေ၊ မိမိအစီ အစဉ်ဖြင့်ဖြစ်စေ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး) တို့တွင် ၁-၆-၂၀၂၂ ရက်နေ့မှစ၍ တစ်ပတ်လျှင် (၃) ကြိမ်၊ ရန်ကုန်၌ တစ်ကြိမ်လျှင် ၅၀၀ ဦးခန့်၊ မန္တလေး၌ တစ်ကြိမ်လျှင် ၇၀၀ ခန့် ပို့ချပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

          အစီအစဉ်အရ ၂၀၂၀-၂၀၂၁ သက်တမ်း အမှုဆောင်ကော်မတီဝင်များ နှုတ်ထွက်ကြောင်း ကြေညာပြီး၊ ရွေးကောက်ပွဲကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ မှ အမှုဆောင်ကော်မတီ ရွေးချယ်တင်မြှောက်ပွဲ ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ တင်ပြခဲ့ပြီးနောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်များအား မိတ်ဆက်ပြီး အမှုဆောင်ကော်မတီဝင် ၂၅ ဦးအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက် တင်မြှောက်ရန် အသင်းသားများက ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းတို့ ဆောင်ရွက်ပြီး အစီအစဉ်အတိုင်း ရွေးချယ်ခြင်းခံရသည့်  အမှုဆောင်ကော်မတီဝင် ၂၅ ဦး အမည်စာရင်းအား ကြေညာခဲ့သည်။

          ထို့နောက် ရွေးချယ်ခံရသည့် ဥက္ကဋ္ဌအသစ်မှ ကျေးဇူးတင်စကားပြောကြား၍ မှတ်တမ်း တင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သန်လျင်ကျောက်တန်းမြို့ နယ်၊ သီလဝါစက်မှုဇုန်(အတွင်း/ အပြင်)ရှိ အလုပ်ဌာန (၄၃၄) ဌာနမှ အာမခံအလုပ်သမား (၁၇၃၃၃) ဦးတို့ ဆေးကုသမှုခံယူရာတွင် လွယ်ကူလျင်မြန်စေရန်အတွက် လူမှုဖူလုံရေးအဖွဲ့ အထူးကုဆေးခန်း ဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ရောင်းချမည့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်းပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်အနီး၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဝန်းအတွင်းရှိ မြေဧရိယာ ၀.၅၅ ဧက ပေါ်တွင် ဆောက်လုပ်ထားသော (၈၀’ x ၅၀’ x ၂၃.၅’) RC ၂ ထပ် အဆောက်အဦနှင့် မြေနေရာအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝယ်ယူနိုင်ရေးအတွက် သွားရောက်ကြည့်ရှုရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် မြို့ပြအခြေခံအဆောက်အဦ စီမံကိန်းဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယအင်ဂျင်နီယာ မှူးကြီး(မြို့ပြ) ဦးသန်းဇော်အေး တို့မှ အဆောက်အဦနှင့်ပတ်သက်သည့် အချက်အလက် များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး က သိရှိလိုသည် များကို မေးမြန်းပြီး တာဝန်ရှိသူများနှင့်အတူ အဆောက်အဦ(အတွင်း/ အပြင်)သို့ လည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။