အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဩဂုတ် ၈ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက် များကိုအခြေခံ၍ အသေးစိတ်ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း (၁၃)စောင်နှင့် သန်းခေါင်စာရင်းရလဒ် မြေပုံများကို ပြုစုလျက်ရှိရာ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ပြထွန်းကား လာခြင်း၊ လူဦးရေပြောင်းလဲခြင်း၊ လူဦးရေခန့်မှန်းခြင်း၊ လုပ်သားအင်အားအကြောင်းအရာနှင့် ပညာရေးအကြောင်းအရာစသည့် သုတေသနစာတမ်းများအား ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ ဆန်းစစ်လေ့လာပြုစုပြီးဖြစ်သည့် အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ စာတမ်းကို ဩဂုတ်လ (၈)ရက် ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။
ယင်းသုတေသနစာတမ်းတွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏ နေထိုင်မှုအခြေအနေနှင့် အိမ်၏ဝိသေသလက္ခဏာများကို အဓိကညွှန်ပြနေသည့် အိမ်အကြောင်းအရာများ၊ နေအိမ် အမျိုးအစားနှင့် နေအိမ်ပိုင်ဆိုင်မှု၊ အလင်းရောင်အတွက် အဓိကအသုံးပြုသည့် မီးအမျိုးအစား၊ အစားအစာချက်ပြုတ်စားသောက်ရန်အတွက် အဓိကအသုံးပြုသည့်လောင်စာ၊ သောက်ရေ အတွက် အဓိကအသုံးပြုသည့်ရေအရင်းအမြစ်များ၊ အသုံးပြုသည့်အိမ်သာအမျိုးအစား၊ နေအိမ် များတွင် အမိုး၊ အကာနှင့် အခင်းအတွက် အဓိကအသုံးပြုသည့်ပစ္စည်းများနှင့် အိမ်အသုံး အဆောင်ပစ္စည်းများ၊ ရရှိအသုံးပြုနိုင်မှုအခြေအနေများကို လေ့လာသုံးသပ်တင်ပြထားသည်။
အသေးစိတ်လေ့လာတွေ့ရှိချက်များအရ အိမ်ထောင်စုအများစုသည် အိမ်ပိုင်ဆိုင်ကြပြီး သန့်ရှင်းသော သောက်ရေအရင်းအမြစ်များကိုရရှိ၍ သန့်ရှင်းသော ယင်လုံအိမ်သာများကို ဆောက်လုပ်သုံးစွဲလျက်ရှိကြောင်းနှင့် သန့်ရှင်းသော သောက်ရေအရင်းအမြစ်များရရှိမှုနှုန်းသည် (၆၉.၅) ရာခိုင်နှုန်းဖြစ်ပြီး သန့်ရှင်းသောယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှုနှုန်းသည် (၇၄.၃) ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ သို့ရာတွင် ဒေသအလိုက်ဆန်းစစ်လေ့လာရာ၌ နေအိမ် ဆောက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဆိုင်ရာပစ္စည်းများသုံးစွဲနိုင်မှုစသည့် အချို့သောအဓိက ညွှန်ကိန်းများတွင် မြို့ပြနှင့် ကျေးလက် ဒေသများအကြား၊ ခရိုင်များအကြား၊ တိုင်းဒေသကြီး/ ပြည်နယ်များအကြား၊ ကွာခြားချက် ကြီးမား ကြောင်းတွေ့ရှိရပြီး နေအိမ်အများစုမှာ ဝါး၊ ဓနိ၊ သက်ကယ်စသည့် နှစ်တိုခံပစ္စည်းများဖြင့် ဆောက်လုပ်ထားသဖြင့် ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်းတွေ့ရှိရသည်။
အစားအစာချက်ပြုတ် စားသောက်ရန်အတွက် လောင်စာအသုံးပြုမှုတွင် သစ်သားကို အခြေခံသော လောင်စာအမျိုးအစားများဖြစ်သည့် သစ်သား/ ထင်း၊ မီးသွေး/လောင်စာတောင့် သုံးစွဲမှုသည် (၈၁) ရာခိုင်နှုန်းကျော်ရှိသဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည့်အပြင် ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေနိုင်သောကြောင့် အိမ်အတွင်းလေကောင်းလေသန့် ရရှိမှုနည်းပါးပြီး အိမ်ထောင်စုဝင်များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်းတွေ့ရှိရသည်။
အဆိုပါ စာတမ်းတွင်ပြုစုတင်ပြထားသည့် သတင်းအချက်အလက်များနှင့် အကြံပြုချက် များသည် မြန်မာနိုင်ငံ၏ နေထိုင်မှုဘဝအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ဦးတည် သည့် စီမံကိန်းရေးဆွဲမှုများအတွက် အထောက်အပံ့ဖြစ်နိုင်မည်ဖြစ်ပြီး ကျန်ရှိသော အသေးစိတ် သုတေသနစာတမ်းများကိုလည်း ပြုစုလျက်ရှိကြောင်းနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန် ပြီးဖြစ်သည့် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အစီရင်ခံစာများ၊ သုတေသနစာတမ်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဌာန၏ ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သတင်းရရှိသည်။ (-)