အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ သြဂုတ်လ ၉ ရက်
၁။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UN Women တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအိမ်အကူများအား ကာကွယ်ပြဋ္ဌာန်းထားသည့် မူဝါဒများ၏ အကျိုးသက်ရောက်မှုကို လေ့လာဆန်းစစ်ခြင်း စာတမ်း မိတ်ဆက်ခြင်းအခမ်းအနားကို ၉-၈-၂၀၁၇ ရက်နေ့၊ နေပြည်တော်၊ Hotel Amara တွင် ကျင်းပ ပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက တက်ရောက်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ Head of UN Women (Myanmar), Dr.Jean D”Cunha နှင့် UN, NGO, INGO မှ ကိုယ်စားလှယ်များ စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့သည်။
၂။ အဆိုပါဆွေးနွေးပွဲကို ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့တွင် လုပ်ကိုင်နေသည့် အိမ်တွင်း အထောက်အကူ အလုပ်သမားများ၏ လက်ရှိအခြေအနေများကို လေ့လာ၍ အသိပညာပေးမှု မြှင့်တင်ရန်၊ အစီရင်ခံစာကို အပြီးသတ်ပြုစုရေးသားရန်နှင့် သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်သူ များမှ အကြံပြုချက်များရယူရန် တို့အတွက်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
၃။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့လူဦးရေ သန်း၇၀၀၀ခန့် ရှိသည့်အနက် ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားဦးရေသည် ၂၁၄ သန်းခန့် ရှိကြောင်း၊ အမျိုးသမီးအလုပ်သမားဦးရေသည် ထက်ဝက်ခန့်ရှိပြီး အာရှဒေသတွင် အမျိုးသမီးအလုပ်သမား ၄၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ရွှေ့ပြောင်းသွားလာစီးဆင်းမှုများအရ အာဆီယံနိုင်ငံများတွင် အမျိုးသမီး ရွှေ့ပြောင်းသွားလာမှု သည် ၄၇ % ရှိပြီး လက်ရှိတွင် ကျား/မ ကဏ္ဍမတူညီမှုကြောင့် ဒေသတွင်း အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများအတွက် အားနည်းချက်အဖြစ် ဦးတည် နေသည်ကို တွေ့မြင်ရကြောင်း၊ အမျိုးသားနှင့် ကျား/ မ လုပ်ခလစာ ကွာဟချက်ကြောင့် အမျိုးသမီး လုပ်သား အင်အားပါဝင်မှုနှုန်းအနေဖြင့် မြင့်မားနေပြီး အမျိုးသမီးရွှေ့ပြောင်းသွားလာမှုအင်အား အတိအကျ စာရင်းမရှိသော်လည်း တရားမဝင်လမ်းကြောင်းနှင့် မလုံခြုံသည့်လမ်းကြောင်းတို့မှ ပိုမိုရွှေ့ပြောင်း သွားလာလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အိမ်တွင်းအထောက်အကူပြုအမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားများ၏ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်း၊ တရားဝင်ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိစေရန် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးရေးတို့ကို ဆောင်ရွက်နိုင်ရန်လုပ်ဆောင်နေမှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။
၄။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်စေရေး အတွက်ဝန်ကြီးဌာနတခုတည်းသာမက နှစ်နိုင်ငံအစိုးရဝန်ကြီးဌာနများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက် ရန်လိုကြောင်း၊ “မည်သည့် အမျိုးသမီးနှင့်အမျိုးသမီးငယ်များ နောက်ချန်မနေစေရေး” ဆောင်ပုဒ်နှင့်အညီ တက်ညီလက်ညီ ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။
၅။ ထို့နောက် Head of UN Women (Myanmar), Dr.Jean D”Cunha က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ထို့နောက် ထိုင်းနိုင်ငံနှင့်စင်္ကာပူနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အိမ်အကူများအား ကာကွယ်ပြဋ္ဌာန်းထားသည့် မူဝါဒများ၏ အကျိုးသက်ရောက်မှုကို လေ့လာဆန်းစစ်ခြင်း စာတမ်းကိုမိတ်ဆက်ခဲ့ကြပြီးအစည်းအဝေးသို့ တက်ရောက်သူများမှလည်း အတွေ့အကြုံများအပေါ်မူတည်၍ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။