အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                             ဒီဇင်ဘာ ၂၀

          (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ယနေ့တွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ၂ စီးဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင်ပန်းစက်မှုဇုန်တို့မှ လူမှုဖူလုံရေးအကျုံးဝင် အလုပ်သမားများအား အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ အာမခံအလုပ်သမားများအား ကြည့်ရှုအားပေးကာ အာမခံအလုပ်သမားများအတွက် ကျန်းမာရေးသုံးပစ္စည်းဖြစ်သော တစ်ခါသုံးနှာခေါင်းစည်း (Disposable Mask) နှင့် အားဆေးများကို လွှဲပြောင်းပေးအပ်ခဲ့သည်။ 

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂၁)၊ သောင်ကြီးမြောက်၊ ရန်ကုန် ပုသိမ် လမ်းမကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)သို့ သွားရောက်၍ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ အား တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ် သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်စေလို ကြောင်း၊ အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် လူမှုဖူလုံရေးအဖွဲ့၏ အဓိကကျသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၍ အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှု များကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း အင်အားပြည့်လည်ပတ်ရန် လိုအပ်ချက် ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊

ဆေးရုံရှိတာဝန်ရှိသူများအနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ လူနာဆေးကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/ လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်းနှင့် ဆေးရုံလုံခြုံရေး အတွက် အလေးထားဆောင်ရွက်ရန် လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက်ကျင့်ဝတ် စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းအောင်မြင်‌စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုး အားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေရန်အတွက်  အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ် ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင်မှု ကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမို ထိရောက်အောင်ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပ လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ဆေးဝါးကုသပေးနေ မှုများကိုလည်းကောင်း၊ အတွင်းလူနာကုသပေး သည့် လူနာဆောင်များသို့ လည်းကောင်း၊ Oxygen Plant ဖြင့် Oxygen ထုတ်လွှတ်နေမှုများကိုလည်းကောင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

          လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း (၁၁၉) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမား ၁.၂၃ သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၈) ခန်း၊ စာချုပ်ဆေးခန်း (၃၇) ခန်း၊ သားဖွားမီးယပ်ဝန်ဆောင်မှု ဆောင်ရွက်နေသော ဆေးခန်း (၈) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းအပြင် ရွေ့လျား ဆေးကုသ ယာဉ် (၂) စီးဖြင့် အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အာမခံအလုပ်သမား (၈၈၄၁၈၇) ဉီး အကျုံးဝင်ထားရှိပြီး အဓိကလုပ်သား အင်အား နှင့်စက်ရုံ၊ အလုပ်ရုံ  များပြားသည့်အတွက် စက်မှုဇုန်ကြီးများသို့ ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်စက်မှုဇုန်များ အားလည်း အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရရှိပါသည်။