အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်  ၊ဇန်နဝါရီလ ၂၇ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁၄:၃၀ နာရီအချိန်တွင် ILO-ITC Myanmar မှ  Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် online e-campus စတင် မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

မိတ်ဆက်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ILO-ITC မှ ကျွမ်းကျင်ပညာရှင်များ၊ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ILO (ရန်ကုန်)ရုံးမှ ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့် Project Manager များ၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားရေးရာကိစ္စများ သည် သုံးပွင့်ဆိုင်စီမံ ဆောင်ရွက်ရခြင်းဖြစ်၍ အခုကဲ့သို့ ကပ်ရောဂါကာလအတွင်း၌ အင်္ဂလိပ်၊ မြန်မာ (၂) ဘာသာဖြင့် အလုပ်သမားရေးရာ ဗဟုသုတများနှင့် အလေ့အကျင့်ကောင်းများကို ပညာ ပေးရန်နှင့်မျှဝေရန်ရည်ရွယ်ချက်ဖြင့် သက်ဆိုင်သူအားလုံးပါဝင်လေ့လာနိုင်သည့် Online Platform တစ်ခုစတင်နိုင်ခြင်းသည် အကျိုးရှိသည့် ဆောင်ရွက်နိုင်မှုဖြစ်ပြီး အလုပ်သမားရေးရာဆိုင်ရာ Online Learning Platform တစ်ခုစတင်နိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပေးခဲ့ကြသည့် ဂျပန်နိုင်ငံအစိုးရနှင့် အပြည်ပြည်ဆို်ငရာအလုပ်သမားရေးရာအဖွဲ့ (ILO) တို့ကို အထူးကျေးဇူးတင် ရှိပါကြောင်း။

မိမိတို့အနေဖြင့် စီမံခန့်ခွဲမှုအပိုင်းများကို IT နည်းပညာဖြင့် ဆောင်ရွက်ရာတွင် အားနည်း ချက်အချို့ရှိခဲ့သော်လည်း COVID-19 ဖြစ်ပွားချိန်တွင် အခြေအနေအရ လိုအပ်မှုကြောင့် Virtual ပုံစံဖြင့် မဖြစ်မနေ ဆောင်ရွက်ခဲ့ပြီး အဆိုပါအပြောင်းအလဲသည် နိုင်ငံတော်၏ e-government သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းလာခြင်းဖြစ်ပါကြောင်း၊     e-campus ကို စီစဉ်ဆောင်ရွက်ရာတွင် ILO အနေဖြင့် Stakeholder အများအပြားနှင့်အင်တာဗျူး ပြုလုပ်ခဲ့သည့်အတွက် အလုပ်ရှင်၊ အလုပ် သမား၊ အစိုးရ သုံးပွင့်ဆိုင်အဖွဲ့များ၏ လိုအပ်ချက်များကိုသိရှိနိုင်မည်ဟုမျှော်လင့်ပါကြောင်း။

ယခု Online e-campus ကို လူမှုရေးဆွေးနွေးပွဲများ၊ အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများအတွက် အရင်းအမြစ် အကန့်အသတ်ဖြင့်သာ စတင်ဆောင်ရွက်ထားပြီး နောက်ထပ်သင်တန်းများနှင့် သတင်းအချက် အလက်များ ထပ်မံဖြည့်စွက်ဆောင်ရွက်ပေးမည်ကို သိရှိရသည့်အတွက် အထူးပင်ဝမ်းမြောက် မိပါကြောင်း။ e-campus အတွက် material ရွေးချယ်ရ၌ ILO ၏ ဦးစားပေးမှုများကို ထည့်သွင်း စဉ်းစားသကဲ့သို့ မိမိတို့နိုင်ငံ၏ ဦးစားပေးကဏ္ဍများနှင့် လိုအပ်ချက်တွေကိုလည်း ထည့်သွင်း စဉ်းစားပေးနို်ငရေးအကြံပြုလိုပါကြောင်း။ COVID-19 ကပ်ရောဂါကာလအတွင်း၌ ရောဂါကာကွယ်ရေး၊ ကုသရေးတို့နှင့်အတူ အရေးပါသည့် လုပ်ငန်းတစ်ခုမှာ လူမှုကာကွယ်ပေးရေးဖြစ်ပြီး မိမိတို့ဝန်ကြီး ဌာနက အလုပ်သမားများအတွက် လူမှုကာကွယ်ပေးရေးကို အထူးအလေးထားဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

ဝန်ကြီးဌာနလက်အောက်ရှိ ပြည်နယ်/တိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေများရှိ ဦးစီးဌာနများတွင်တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်းများအတွက် စွမ်းရည်တည်ဆောက်မှု မြှင့်တင်ရေး ToT သင်တန်းများကို Online မှတစ်ဆင့် ပို့ချပေးလျက်ရှိပြီး Skill Development Training များနှင့် အခြားအစည်းအဝေးများ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း Virtually ကျင်းပ ဆောင်ရွက်လျက်ရှိပါကြောင်း။ e-campus ကို အလွယ်တကူဝင်ရောက်လေ့လာခြင်းအားဖြင့် COVID-19 ကြောင့် အလုပ်သမားဈေးကွက်အပေါ် သက်ရောက်နေသည့် စိန်ခေါ်မှုများကို သုံးပွင့်ဆိုင်ဖြေရှင်းရာတွင် များစွာအထောက်အကူ ဖြစ်လိမ့်မယ်ဟု ယုံကြည်ပါကြောင်း။

COVID-19 ကပ်ရောဂါ ကာလအတွင်း လူချင်းတွေ့ဆုံ၍ သင်တန်းပေးရန် မလွယ်ကူသည့် အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများကို နေရာတစ်ခုထဲတွင် online platform ဖြင့် သင်တန်းများပို့ချပေးနိုင်ခြင်းသည် အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ဤ online platform ကို COVID-19 ကပ်ရောဂါ ပြီးဆုံးပြီးနောက်တွင်လည်း တန်ဖိုးရှိသော resource တစ်ခုအဖြစ် ဆက်လက် အသုံးပြုသွားရမှာဖြစ်ပါကြောင်း။ အလုပ်သမားရေးရာနှင့်ဆက်နွယ်သော ဘာသာရပ်များအပေါ် အဆက်မပြတ်လေ့လာခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုလျက် e-campus platform စတင်မှု အပေါ်  ILO အား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခု platform သည် အလုပ်သမားအရေးကိစ္စများ အပေါ် အသိပညာနှင့်ကျွမ်းကျင်မှုများ ဆက်လက်တည်ဆောက်ရန် နှင့် ညှိနှိုင်းဆောင်ရွက်မှု ဖွံ့ဖြိုး တိုးတက်ရေး ရေရှည်ဆောင်ရွက်နိုင်ရန် အရေးပါသည့် အခွင့်အလမ်းတစ်ခု ဖြစ်စေပြီး ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သည့် National Tripartite Dialogue Forum-NTDF ပြီးလျင် ယခု online platform သည် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများအတွက် ဗဟုသုတမျှဝေရာ ဗဟိုကျသော ဆုံမှတ်တစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ILO Myanmar မှ Liaison Officer Mr. Donglin Li ၊ ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန Deputy Director ၊ Mr. Ken Fujii တို့မှ  အသီးသီး အမှာစကား ပြောကြားခဲ့ပြီး၊ ဂျာမနီနိုင်ငံသို့ရောက်ရှိနေသည့် ILO-ITC မှ Director of Leaning ၊ Mr.Andreas Klemmer နှင့် ထိုင်းနိုင်ငံ မှ ကျွမ်းကျင်ပညာရှင် Mr. John Richotte တို့က  e-campus platform နှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ရာ တက်ရောက် လာကြသည့် အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို့က e-campus platform နှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များအပေါ် အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ ၁၆:၀၀ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။