အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                ၁၁–၁၁–၂၀၂၆

၁၁-၁၁-၂၀၂၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ကျင်းပသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ၏ အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်း အနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ရှိသူများနှင့် စစ်ဆေး အကဲဖြတ်သူများ တက်ရောက်ခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သားအင်အားကို စနစ်တကျအသုံးချခြင်း၊ သင့်လျော် ကောင်းမွန်သည့် လုပ်ငန်းခွင်များတွင် နေရာချထားပေးခြင်းဖြင့် အလုပ်သမားများ၏ ဝင်ငွေတိုး တက်စေကာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချခြင်း၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည် ထက်မြက် သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေခြင်း၊ ခေတ်မီနိုင်ငံတော် တည် ဆောက်ရေးအတွက် လိုအပ်သော အရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ခိုင်မာ စွာ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် မြန်မာ လုပ်သားထု၏ လူမှုစီးပွားဘဝများ တိုးတက်မြှင့်မားစေရေးကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊

ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်စေရေး၊ ကျွမ်းကျင်မှုအခြေပြု ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်သားဈေးကွက်လိုအပ် ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်လုပ်သားများ ရရှိစေရေးတို့အတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်ကာ ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုသင်တန်း များ ဖွင့်လှစ်ရုံသာမက စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုန်တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အလုပ်သင် စနစ် (Apprenticeship)၊ လုပ်ငန်းခွင်တွင်း ကျွမ်းကျင်မှုမြှင့်တင်ရေး (In-Company Training) နှင့် နှစ်လမ်းသွားပညာရေး (Dual VET System) လုပ်ငန်းစဉ်များကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

          မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) တွင် အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံများ ရေးဆွဲသတ်မှတ်ခြင်း၊ ကျွမ်းကျင်မှုစံနှင့်အညီ လေ့ကျင့်သင်ကြား ခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းတို့ကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး ဥပဒေကို ကျောထောက်နောက်ခံပြုပြီး ပုဂ္ဂလိကကဏ္ဍရှိ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင် အဖွဲ့ အစည်း၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊

          NSSA အနေဖြင့် မြန်မာနိုင်ငံအမျိုးသားပညာရေးအဆင့်မူဘောင် (Myanmar National Qualification Framework – MNQF) နှင့်ချိတ်ဆက်ပြီး ပညာရေးကဏ္ဍနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု တို့ကို တစ်သားတည်းပေါင်းစပ်ပေးနိုင်သော (Lifelong Learning Pathway) စနစ်ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျွမ်းကျင်လုပ်သားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများမှာ မိမိတို့၏ ကျွမ်းကျင်မှုကို တရားဝင်အသိအမှတ်ပြုခံရစေရန် (Cross-Border Labour Mobility)၊ ဒေသတွင်းစံနှုန်းများနှင့် ကိုက်ညီစေရေး အကဲဖြတ်စစ်ဆေးမှုများကို ဆောင်ရွက်နိုင်ရန် နိုင်ငံအချင်းချင်း ကျွမ်းကျင်မှုအသိအမှတ်ပြုရေး (Mutual Recognition of MRS) ကိုလည်း အိမ်နီးချင်းထိုင်းနိုင်ငံနှင့် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျွမ်းကျင်လုပ်သားများ ရရှိရေး ဆောင်ရွက်မှုများကို ပြောကြားခဲ့သည်။

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အလုပ်အကိုင် (၁၀) မျိုးအတွက် စစ်ဆေးအကဲဖြတ်ရာတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည့် အရည်အသွေးပြည့်မီသူ (၈၆၅) ဦး၊ စစ်ဆေးအကဲဖြတ်သူ (၇) ဦးနှင့် စစ်ဆေးအကဲဖြတ်ရေးဌာန (၂) ခုတို့အား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ လအထိ အလုပ်အကိုင် (၄၂) မျိုးတွင် ကျွမ်းကျင်မှုအဆင့်-၁ (၃၀,၃၁၆) ဦး၊ အဆင့်-၂ (၃,၂၃၉) ဦး နှင့် အဆင့်-၃ (၂၅) ဦး၊ စုစုပေါင်း (၃၃,၅၈၀) ဦးတို့အား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။