ရန်ကုန်မြို့ ၉–၄–၂၀၂၅
မြန်မာလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် လုပ်ခလစာ ပိုမိုကောင်းမွန်သည့်နိုင်ငံများသို့ လုပ်သားစေလွှတ်နိုင်ရေး လုပ်သားဈေးကွက်တိုးချဲ့ရှာဖွေနိုင်ရန် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်သည့် Vista International Co,.Ltd ၏ အစီအစဉ်ဖြင့် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ Joint-Stock Company ‘Inturd’ Co.,Ltd သို့ ကျွမ်းကျင်မြန်မာလုပ်သား ၂၄ ဦးအား ၅-၃-၂၀၂၅ ရက်နေ့တွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊ ၂၂-၃-၂၀၂၅ ရက်နေ့တွင် စကားပြန် ၁ ဦးကို ဒုတိယအကြိမ်အဖြစ် လည်းကောင်း စေလွှတ်ခဲ့ပြီးဖြစ်ပါသည်။
ထပ်မံ၍ လုပ်သား ၂၇ ဦးကို အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) ပြုလုပ်ပေးခြင်းများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်၍ ၈-၄-၂၀၂၅ ရက်နေ့တွင် တတိယအကြိမ်အနေဖြင့် ထပ်မံစေလွှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနသည် မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် မြန်မာနိုင်ငံမှ လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းအသစ် များ ရှာဖွေနိုင်ရေး ရှေးရှု၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး စဉ်ဆက်မပြတ် လုပ်သားများ စေလွှတ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

