နေပြည်တော် ၈-၄-၂၀၂၅
ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီးသို့သွားရောက် ပြီး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/အဖွဲ့ရုံးများမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများကို တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ သည်။
ဒုတိယဝန်ကြီးက ဝန်ကြီးဌာနသည် ပြည်တွင်းပြည်ပရှိ မြန်မာလုပ်သားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်ရုံ၊အလုပ်ရုံ လုပ်ငန်းခွင်အသီးသီးတွင် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးတို့အတွက် နေစဉ်ဝန်ဆောင်မှု ပေးနေရသည့် ဌာနဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဦ အခန်းထိခိုက်မှုများ ရှိခဲ့သော်လည်း ပြည်သူကို ဝန်ဆောင်မှုပေးနေရသဖြင့် ရုံးလုပ်ငန်းများကို စဉ်ဆက်မပြတ် လည်ပတ်နိုင်ရန် အရာထမ်း/အမှုထမ်းများအားလုံး စည်းလုံးညီညွတ်စွာ ကြိုးစားပေးရန် လိုကြောင်း၊ လက်ရှိကာလတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ရန်နှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပစ္စည်းများမှအပ အသုံးပြုနိုင်သည့် အရေးကြီးစာရွက်စာတမ်းများ၊ ရုံးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်း၍ ရုံးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး ဆောင်ရွက် ပေးရန် လိုကြောင်း၊ မိမိတို့အကြီးအကဲများအနေဖြင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့ရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့် ဝန်ထမ်းများအနေဖြင့် စိတ်ခွန် အား တည်ဆောက်၍ အခက်အခဲများရှိပါက ဌာနအကြီးအကဲများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့တင်ပြစေလိုကြောင်း ဘေးန္တရာယ်ကင်းရှင်းရေး ဂရုစိုက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ဦးစီးဌာန တာဝန်ခံများထံ ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်အပါအဝင် ထောက်ပံ့ငွေကျပ် ၃၈ သိန်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

