မန္တလေး နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေး မြိုတော်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင်ပါရှိသည့် အာမခံစနစ် ၆ မျိုးအနက် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီဆောင်ရွက်နေသော အာမခံစနစ်(၃)မျိုးမှ စုစုပေါင်းအကျိုးခံစားခွင့် (၁၅)မျိုးကို ရရှိခံစားရ မည်ဖြစ်ပြီး ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ် ထည့်ဝင်ကြေးပေးသွင်းထားရှိပါက မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ဖြစ်သည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုး ခံစားခွင့် နှင့် ပညာသင်စရိတ်ခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း၊
မန္တလေးငလျင်ဘေးသင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အလုပ်ဌာန (၇,၄၃၀)ခု၊ အာမခံအလုပ်သမား (၁၂၁,၁၃၀) ဦးတို့အား သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀% ထုတ်ပေးသည့် ယနေ့အခမ်းအနားတွင် အာမခံအလုပ်သမား (၂၅,၅၃၄) ဦးအတွက် ကျပ်သန်း (၂,၀၂၀.၃၁၉) ကို ပေးအပ်သွားမည်ဖြစ် ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်း အာမခံအလုပ်သမား (၇၈,၃၄၂) ဦးအတွက် ငွေကျပ်သန်း (၆,၂၃၆.၅၄၆) ကို Online Payment စနစ်ဖြင့် အာမခံအလုပ်သမားများ၏ လက်ဝယ် အရောက် စနစ်တကျပေးအပ်နိုင်ခဲ့ပြီး လျှောက်ထားလာသည့် အလုပ်သမားများ၏ ၉၉.၁၆% ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊
ထို့အပြင် ခွင့်ပြုပေးရန် ကျန်ရှိသည့် အာမခံအလုပ်သမား (၂၂၉) ဦးတို့၏ သားသမီး (၃၁၃)ဦးတို့အတွက် ပညာသင်စရိတ် ကျပ်သန်း (၁၂.၁၀၈) ကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမား (၁၁,၂၁၉) ဦးတို့၏ သားသမီး (၁၅,၂၁၃) ဦး တို့အတွက် ပညာသင်စရိတ် စုစုပေါင်းကျပ်သန်း (၅၉၈.၉၀၅) ကို ထောက်ပံ့ပေးအပ်ပြီးဖြစ်၍ လျှောက်ထားသည့် အလုပ်သမားများ၏ ၉၅.၃၆% ကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀% ကျပ်သန်း (၂,၀၂၀.၃၁၉) နှင့် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ကျပ်သန်း (၁၂.၁၀၈)တို့ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့ချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များမှ ခုံသမာဓိအဖွဲ့ဝင် များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဆိုပါနှီးနှောဖလှယ်ပွဲအား အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအတွက် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်သော ကြောင့် နှီးနှောဖလှယ်ပွဲသို့တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုအခြေအနေများ၊ အလုပ်သမား ရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) ဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းကြောင့် အငြင်းပွားမှု များလျော့နည်းလာသည့်အခြေအနေများနှင့် တက်ရောက်သူများမှ မိမိတို့၏ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအဖြေရှာကြစေလိုကြောင်း ပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ ပထမပိုင်းအစီအစဉ် ရုပ်သိမ်းကာ ဒုတိယပိုင်းအစီအစဉ် ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

