အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇန်နဝါရီ  ၁၆ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၂၀၁၉ ခုနှစ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြား ရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်​ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် ယခုဆိုလျှင် လက်ရှိအစိုးရသည် နိုင်ငံတော်တာဝန်ကို တာဝန်ယူဆောင်ရွက်ခဲ့သည်မှာ (၄)နှစ်နီးပါး ရှိနေပြီဖြစ်ပါကြောင်း၊ ထိုကာလအတွင်းမှာ မိမိတို့ဌာနအနေဖြင့်  လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်း စသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရည်မှန်းချက်တာဝန် (၃)ရပ်ကိုအခြေခံပြီး ပြည်သူ့အတွက် လက်ငင်းအကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများကို သစ္စာစီမံချက် ရေးဆွဲချမှတ်ကာ ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် များသည် လူတိုင်းနှင့် ပတ်သက်ဆက်နွယ်ပြီး ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သဖြင့် ဝန်ထမ်းများအနေနှင့် အရှိန်အဟုန်မပျက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ယခုအခါ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့်  e-Government လုပ်ငန်း၏ အဓိကအကျဆုံးလုပ်ငန်းဖြစ်သည့်   e-ID စနစ်ကို မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လူတစ်ဦးချင်းစီ၏ Biometric Data ကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ယင်းလုပ်ငန်းစဉ်အတွက် မြန်မာနှင့်ဩစတြီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ e-IDစနစ် လုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး အချိန်ယူ ဆောင်ရွက်ရသကဲ့သို့ နိုင်ငံအတွက် အကျိုးများစွာရရှိစေမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ အခြားဆက်စပ် ဌာနများ၏ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြုနိုင်မည်ဖြစ်ပြီး မိမိဌာနမှ ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းအား ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲကျင့်သုံးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရုံးအသီးသီး၌ လက်ရှိဆောင်ရွက်နေသည့် လူတစ်ဦးချင်းစီ၏ မှတ်တမ်းမှတ်ရာစာရွက် စာတမ်းများအား ဒီဂျစ်တယ် စနစ်သို့ ကူးပြောင်းဆောင်ရွက်နေသည့်လုပ်ငန်းကိုလည်း အလေးထား ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းပြုစုဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းကိုလည်း ရွှေ့ပြောင်းလုပ်သားများအပါအဝင် မဲပေး ပိုင်ခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆက်စပ်ဌာနများ နှင့်ပူးပေါင်း၍ လိုအပ်သည့် စာရင်းဇယားများ ပြုစုပေးကြရန်လိုကြောင်း၊ ယခုအခါ ပြည်ဝင်ဗီဇာ၊ လူဝင်မှုစစ်ဆေးရေးနှင့် နိုင်ငံခြားသားထိန်းသိမ်းရေးစသည့်လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုက်ရောက်ဗီဇာ (VOA) နှင့် e-Visa ခွင့်ပြုမှုများကိုလည်း တိုးမြှင့်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များကို ဒီဂျစ်တယ်စနစ်ဖြင့် ဝင်/ထွက်သွားလာနိုင်ရေး၊ e-Gate စနစ်များ အသုံးပြုနိုင် ရေးအတွက် ခေတ်မီစက်ကိရိယာများ တပ်ဆင်ဆောင်ရွက် ခြင်းလုပ်ငန်းများကို လုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်နေ ခြင်းကြောင့် လုပ်ငန်းစဉ်များ အဆင်ပြေမှန်ကန်စွာ အသုံးပြုဆောင်ရွက်နိုင် ရေးအတွက် ဝန်ထမ်းများ အား ကြိုတင်လေ့ကျင့်သင်ကြားပြသထားကြရန်လိုအပ်ပါကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံ အတွင်းဝင်ရောက်လာသည့် နိုင်ငံခြားသား ကန့်သတ်နယ်မြေများနှင့် သွားလာခွင့်မရှိသည့် နယ်မြေ များသို့ နယ်မြေကျော်လွန် ဝင်/ထွက်မှုမရှိစေရေးအတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ နယ်စပ်ဒေသများတွင်ဖြစ်ပေါ်သည့် ထူးခြားဖြစ်စဉ်များကိုလည်း အချိန်နှင်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် သို့မှသာ လိုအပ်သည့်ညွှန်ကြားချက်များ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ပြည်သူများအား ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းပေါ်မူတည်၍ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ထုတ်ပေး ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရသော်လည်း ယင်းလုပ်ငန်းစဉ်သည် ရေရှည် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြောင်းလဲနေသောခေတ်စနစ်ကို မျက်ခြေမပြတ်စေဘဲ သမားရိုးကျ အတိုင်း ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူများသိရှိနားလည် လိုက်ပါပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ဆောင်ရွက်ခဲ့သည့် ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကိုအခြေခံ၍  အချက်အလက်အသုံးပြုသူ များသည် ယခုအခါ နိုင်ငံဖွံ့ဖြိုး တိုးတက် ရေး စီမံကိန်းများရေးဆွဲရာတွင် အသုံးပြုဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ယခုထပ်မံ၍ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်အတွက် အသုံးပြုနိုင်မည့် ကိန်းဂဏန်းအချက်အလက် များရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဌာန၏ ရည်မှန်းချက်တာဝန်များသည် ပြည်သူ့ဆန္ဒကို အလေးထားကာ ဆောင်ရွက်ရပြီး ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များသည် ဌာန၏ပုံရိပ်ဖြစ်သကဲ့သို့ ဌာန၏ဆောင်ရွက်ချက်များသည် နိုင်ငံတော်၏ ပုံရိပ်ပင်ဖြစ်ပါ ကြောင်း၊ လုပ်ငန်းစဉ်တိုင်း၌ အရေးတကြီးဆောင်ရွက်ရမည့်လုပ်ငန်း၊ အချိန်ယူဆောင်ရွက်ရမည့်လုပ်ငန်း၊ အသေးစိတ်ပြုစုဆောင်ရွက်ရမည့်လုပ်ငန်း ဟူ၍ ခွဲခြားဆောင်ရွက်ကာ မှန်ကန်သောစာရင်းဇယားများ ဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရ သည့် ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည်နှင့်အညီ စေတနာအရင်းခံဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေး တွင်လည်း လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေး တင်ပြကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များ ကို ဖြည့်စွက်ဆွေးနွေးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မြို့နယ်ရုံးများရှိ လူတစ်ဦးချင်းစီ၏မှတ်တမ်းများသည် ဌာနအတွက်အလွန် အရေးကြီးရာ  စနစ်တကျလုံခြုံစွာ ထိန်သိမ်းထားရှိနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေး ကြပ်မတ်ကြရေး ၊ နိုင်ငံခြားသားများအပါအဝင် ပြည်သူအားလုံးနှင့် ဆက်ဆံဆောင်ရွက်ရသဖြင့် ယဉ်ကျေးပျူငှာစွာဆက်ဆံဆောင်ရွက်ကြရေး၊ ခေတ်စနစ်နှင့်အညီ တိုးတက်ပြောင်းလဲမှုများကို မျက်ခြေပြတ်မခံဘဲ အစဉ်လေ့လာသင်ယူနိုင်ရေး၊ ခေတ်မီနည်းပညာများ အသုံးပြုတတ် စေရေး၊ အရည်အသွေးမြင့်မားသော ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် တာဝန်ရှိသူများက အဆင့်ဆင့် သွန်သင် ညွှန်ပြကြရေး မှာကြားခဲ့ကြောင်းနှင့် အစည်းအဝေးကို ဇန်နဝါရီလ (၁၇) ရက်နေ့အထိ ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိသည်။