အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊စက်တင်ဘာလ၂၁

ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေသည် ယနေ့ညနေ၁၅:၃၀ နာရီအချိန်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းယာယီပိတ်သိမ်းမည့် စက်ရုံ/အလုပ်ရုံများမှ အလုပ်သမားများအား ပိတ်ရက်ကာလအတွက် လုပ်ခ၊လစာ ထောက်ပံ့ပေးနိုင်ရေးနှင့်ပတ်သက်၍ UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေး နွေးပွဲသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူချုပ်များနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ အပါအဝင် မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ နှင့် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် အလုပ်ရှင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိရာရန်ကုန်တိုင်းဒေသကြီးအတွင်း ဓါတ်ခွဲအတည်ပြုလူနာများ များပြားလာသဖြင့်ရောဂါကူး ဆက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အားလုံး (ကိုကိုးကျွန်းမြို့နယ် မပါ) တွင်နေထိုင်သည့်ပြည်သူများအား နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာခဲ့ပါသည်။ သို့ဖြစ်၍ လုပ်ငန်းရှင်များ အနေဖြင့်မိမိတို့လုပ်ငန်းရှိ အလုပ်သမားနှင့်ပတ်သက်ဆက်ဆံသည့် မိသားစုဝင်များအားချမှတ်ထား သည့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာလုပ်ဆောင်ရေး အလေးထား လုပ်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ COVID-19 ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၄-၉-၂၀၂၀ ရက်နေ့မှစ၍ ရက်သတ္တပတ် ၂ ပတ်ခန့် ယာယီပိတ် သိမ်းမည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများအား ပိတ်ရက်ကာလအတွက် လုပ်ခ၊လစာ ထောက်ပံ့ပေးနိုင်ရေးနှင့်ပတ်သက်၍ UMFCCI ဥက္ကဌနှင့်တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေး ကြရန်နှင့်ကောင်းမွန်သည့်အကြံဉာဏ်များရှိပါက ပေးကြရန်နှင့်လုပ်ငန်းရှင်များအနေဖြင့် ရှေ့ဆက် လက်ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်များနှင့် ကြေညာချက်အပေါ် သဘောထားအမြင်များ၊ အကြံဉာဏ်များကို ပွင့်ပွင့်လင်းလင်းပေးအပ်သွားကြရန်ဖြစ်ပါကြောင်း၊

နေအိမ်တွင်နေထိုင်ရေး (Stay at Home) ကာလအား ၂ ပတ် သတ်မှတ်ထားပါကြောင်း၊ ပြည်သူအားလုံးမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာဆောင်ရွက် သွားပါကရောဂါဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပြီး ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျသွားနိုင်မည်ဖြစ်ပါကြောင်း ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ အခိုင်အမာပြောကြား ထားရှိပါကြောင်း၊

ထို့ကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းကို အားလုံးသိရှိ နားလည်ကြမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် စက်ရုံ၊အလုပ်ရုံများ ယာယီပိတ်သိမ်းရသည့်အတွက် အလုပ်လက်မဲ့ဖြစ် ပွားသည့် အလုပ်သမားများအတွက် လုပ်ခလစာ၊အခကြေးငွေများကို မည်ကဲ့သို့ ထောက်ပံ့ပေးမည့် အစီအစဉ်အတွက်လုပ်ငန်းရှင်များနှင့်ယခုကဲ့သို့ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေးထည့်ဝင်ကြေးပေးသွင်းထားသည့် အလုပ်သမားများအတွက် လူမှုရေးထောက်ပံ့ကူညီမှု များကို ဥပဒေနှင့်အညီ ပေးအပ်သွားရန် စီစဉ်ထားရှိပါကြောင်း၊ လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိသည့် အလုပ်သမားများအတွက် နိုင်ငံတော်အစိုးရမှလည်း ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိရာအလုပ်ရှင်များကလည်းပူးပေါင်းပြီး အလုပ်သမားများအား တတ်နိုင်သမျှထောက်ပံ့ ပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း UMFCCI မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး အလုပ်သမားများအပေါ်မည်ကဲ့သို့ ထောက်ပံ့ကူညီ ဆောင်ရွက်သွားမည်ကို ယခုဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် UMFCCI ဥက္ကဌနှင့်တက်ရောက်လာကြသည့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် အလုပ်ရှင်ကိုယ်စားလှယ်များကလုပ်ငန်းရှင်များ၏ကြုံတွေ့နေရသည့်အခက်အခဲများ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ မရှင်းလင်းသည့် အချက်များ၊ အကြံပြုချက်များနှင့် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည် UMFCCI ဥက္ကဌမှ အလုပ်သမားများအား (Stay at Home)နေ ထိုင်ရမည့်အလုပ်ရပ်နားထားရသည့်ကာလအတွင်းထောက်ပံ့ကူညီပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက်ဆွေးနွေး၍ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။