ရန်ကုန် ဒီဇင်ဘာ ၂၉
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကင်း မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအပါအဝင် စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးက ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ အလုပ်အကိုင် အမျိုးအစား (၇၁)မျိုး အတွက် ကျွမ်းကျင်မှုစံ (၁၀၄)မျိုးအား အတည်ပြုပြဋ္ဌာန်းထားပြီး (၃၁,၁၇၉) ဦးကို ကျွမ်းကျင် လုပ်သားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း၊
ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အလုပ် အကိုင် (၁၄) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၇၇၉) ဦး၊ အလုပ်အကိုင် (၃) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၃) ခုနှင့် အလုပ်အကိုင် (၄) မျိုးအတွက် စစ်ဆေးအကဲ ဖြတ်သူ (၁၂) ဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ UMFCCI အထွေထွေအတွင်းရေး မှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ ဇာပန်းထိုး စက်ရုံများဖြစ်သည့် Sun Flower Lace (1) Co., Ltd ၊ Lxora Bridal Co., Ltd နှင့် မာမီးဒါဘယ်ဒက် ကာကုမ္ပဏီ အသင့်စားခေါက်ဆွဲစက်တို့အား သွားရောက်၍ စက်ရုံရှိတာဝန်ခံများ၊ အလုပ်သမား အဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၊ လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများနှင့်တွေ့ဆုံ၍ လုပ်ငန်းခွင် အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

