ရန်ကုန် ဒီဇင်ဘာ ၂၄
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ လူငယ်များ အလုပ်အကိုင်တိုးတက်ရရှိစေရေး ရည်ရွယ်ဖွင့်လှစ်သည့် ဆိုလာတပ်ဆင်ခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၅) လက်တွေ့လေ့ကျင့် သင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံအတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးနှင့် မြန်မာလုပ်သားထု၏ စွမ်းဆောင်ရည်တိုးတက် မြင့်မားစေရေးအတွက် အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ ကျွမ်းကျင် မှုလေ့ကျင့်ရေးသင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်း များအား အသိအမှတ် ပြုပေး၍ အသက်မွေးပညာသင်တန်းများ စနစ်တကျ ဖွင့်လှစ်ပို့ချနိုင်ရန် ကြီးကြပ်လမ်းညွှန်ခြင်းနှင့် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများကို နှစ်စဉ်စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
ယခုအခါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာ အသုံးပြုလုပ်ကိုင်လျက်ရှိရာ လုပ်ငန်းများကို စနစ်တကျ တတ်ကျွမ်းနားလည်ကာ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းတို့အတွက် သင်တန်းကို ဖွင့်လှစ်ပို့ချပေး လျက်ရှိပါကြောင်းနှင့် ဆိုလာနည်းပညာသည် ယနေ့ကမ္ဘာကြီးအတွက် မရှိမဖြစ် ရွေးချယ်စရာ Green Energy တစ်ခုလည်းဖြစ်ပြီး သင်တန်းသားများ Green Skills ရရှိအောင် လေ့ကျင့် သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
သင်တန်းကာလ (၂) ပတ်တာအတွင်း စာတွေ့/ လက်တွေ့အသိပညာ၊ အတတ်ပညာများကို စနစ်တကျမှတ် သားနာယူ၍ လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချလုပ်ကိုင်သွားကြရန် လိုအပ် ကြောင်း၊ လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်း များကို လေးစားလိုက်နာ၍ လုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးမှ သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းနှင့် တိုးတက်ပြောင်းလဲနေသည့် အတတ်ပညာဆိုင်ရာ နည်းပညာရပ် များကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

