အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                ဒီဇင်ဘာ ၁၂

          ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂)စီးဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီး ဌာနများ ဖြစ်သည့် ပြန်ကြားရေးဝန်ကြီး ဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနများသို့ ကွင်းဆင်းကုသ  ဆောင်ရွက်ပေးနေမှုကို  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့နေ့လည်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးနေမှုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့ပါ ကြည့်ရှုအားပေးခဲ့သည်။

          အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ  လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက် ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ငွေများနှင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားမြင့်မားရေး မောင်းနှင် ပေးနေသည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်း အကျိုးခံစားခွင့်များ ခံစားရရှိစေနိုင်ရန် လက်ရှိတွင် အာမခံစနစ်(၆) မျိုးအနက်(၂)မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့်(၁၅)မျိုး ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိ ကြောင်း။ လစဉ်ထည့်ဝင်ကြေးကို လုပ်ခလစာ တစ်လလျှင် (၁)သိန်းရရှိသည့် အာမခံအလုပ်သမား တစ်ဦးအနေဖြင့် အလုပ်သမား ထည့်ဝင်ကြေး  ၂ % အတွက် ၂၀၀၀ ကျပ်နှင့် အလုပ်ရှင်မှ ၃ %  အတွက် ၃၀၀၀ ကျပ် စုစုပေါင်း ၅ % အတွက် ၅၀၀၀ ကျပ် ပေးသွင်းရပြီး အများဆုံးလုပ်ခလစာ (၃)သိန်းအထိ သတ်မှတ်ထားပြီး အလုပ်သမားထည့်ဝင်ကြေး ၂ % အတွက် ၆၀၀၀ ကျပ်နှင့် အလုပ်ရှင်မှ ၃ % အတွက် ၉၀၀၀ ကျပ် စုစုပေါင်း ၅ % အတွက် ၁၅၀၀၀ ကျပ် ပေးသွင်းရကြောင်း လစဉ်ထည့်ဝင်ကြေး ပေါ်မူတည်၍  မကျန်းမာမှုအကျိုးခံစားခွင့်၊  မီးဖွားမှုအကျိုးခံစားခွင့်၊ နာရေး စရိတ်၊ အလုပ်တွင် ထိခိုက်မှုကြောင့် ယာယီမသန်မစွမ်းဖြစ်မှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန် မစွမ်းအကျိုးခံစား ခွင့်နှင့် အလုပ်တွင်ထိခိုက်မှု ကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် စသည်တို့ကို ခံစားရရှိနိုင်ပါသည်။

          လူမှုဖူလုံရေးအဖွဲ့အား အာမခံအလုပ်သမားများ အားကိုးအားထားပြုရသော ဌာနတစ်ခု ဖြစ်စေရန် အလုပ်ရှင်၊ အလုပ် သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သော ဆေးကု သမှုဝန်ဆောင်မှုကို ယခုထက် ပိုမို ဆောင်ရွက် ပေးရန် နှင့် အကျိုးခံစားခွင့်များ ပိုမိုလွယ်ကူ လျင်မြန်စွာ ထုတ်ယူနိုင်ရေး ပြုပြင်ပြောင်းလဲမှု (၄) ရပ်ဖြစ်သည့် IT Reform၊ Medical Reform၊ Administrative Reform နှင့် Legal Reform တို့ကို  ဆောင်ရွက်လျက်ရှိကြောင်း။

          လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း (၁၁၆) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၁.၂၃) သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို အလုပ် သမား ဆေးရုံကြီး (၃) ရုံ၊ တိုင်းဒေသကြီး /ပြည်နယ်/ခရိုင်/မြို့နယ်ရုံးခွဲပေါင်း (၉၉) ရုံး၊ မြို့နယ်ဆေးခန်းပေါင်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၇) ခန်း၊ PPS စနစ်ဖြင့် Fee for services payment ဆေးခန်း (၁၂) ခန်း၊ Capitation payment ဆေးခန်း (၂၅) ခန်း၊ သားဖွားမီးယပ်ဝန်ဆောင်မှု ဆေးခန်း(၈) ခန်း နှင့် တိုင်းရင်း ဆေးကုခန်း (၁) ခန်းများအပြင် ရွေ့လျား ဆေးကုသယာဉ် Mobile Medical Unit (၂) စီး နှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အာမခံအလုပ်သမား (၈၉,၉၄၉) ဦး အား  Mobile Medical Unit ဖြင့် အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသပေးနိုင်ခဲ့သည်။

          ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂)စီး နှင့် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက် ပေးခြင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ထိ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနများရှိ အာမခံအလုပ်သမား များအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့်   ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များသို့ ကွင်းဆင်းဆေးကုသမှုများဆက်လက်ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။