အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                      ဇွန် ၂၂

စက်မှုဇုန်များနှင့် စက်မှုဇုန်တွင်း/ဇုန်ပြင်ပရှိ ပိုင်ဆိုင်မှုကဏ္ဍအလိုက် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေ စာရင်းကောက်မေးခွန်းလွှာသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက် အမှာစကားပြောကြာပြီး အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက ဖွင့်ပွဲအမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာန၏ ရည်မှန်းချက် တစ်ခုဖြစ်သည့် “အလုပ်သမားရေးရာ သုတေသနနှင့်အလုပ်သမားဈေးကွက် ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေး” ဆိုသည့် ရည်မှန်းချက်နှင့်အညီ အလုပ်သမားရေးရာ စာရင်းများရရှိရန် “၁၉၄၈ ခုနှစ်၊ အလုပ်အကိုင်ဆိုင်ရာ စာရင်းစစ်တမ်းယူ ခြင်းအက်ဥပဒေအရ” နိုင်ငံအတွင်းရှိ စက်မှုဇုန်များရှိ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းကို ၁၉၉၇ ခုနှစ်မှ စတင်၍လည်းကောင်း၊ စက်မှုဇုန်တွင်း/ဇုန်ပြင်ပရှိ ပိုင်ဆိုင်မှုကဏ္ဍအလိုက်ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းတို့ကို ၁၉၈၆ ခုနှစ်မှစတင်၍ လည်းကောင်း ကောက်ယူခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ စက်မှုဇုန်များရှိ အလုပ်ဌာနနှင့် အလုပ်သမား ဦးရေစာရင်းများကို နိုင်ငံတော်မှ သတ်မှတ်ပေးထားသော စက်မှုဇုန်ရှိသည့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် (၁၃) ခုတို့တွင် ညှိနှိုင်းနှင့် ကွင်းဆင်းစာရင်းကောက်ယူသွား မည်ဖြစ်ကြောင်း၊

စက်မှုဇုန်တွင်း/ဇုန်ပြင်ပရှိ ပိုင်ဆိုင်မှုကဏ္ဍအလိုက်ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမား ဦးရေစာရင်းများကို ရခိုင်ပြည်နယ်မှလွဲ၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် (၁၄) ခုတို့တွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၊ ကော်မတီတို့ထံမှ ညှိနှိုင်းစာရင်း တောင်းခံသွားမည်ဖြစ်ကြောင်း၊ စာရင်းများကောက်ယူရာတွင် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန နှင့် အလုပ်သမားဦးရေစာရင်းများ မှန်ကန်ရန်လိုအပ်ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများ ကို လေ့လာသုံးသပ်၍ စီမံကိန်းရေးဆွဲသူများ၊ မူဝါဒချမှတ်သူများက အသုံးပြုမည်ဖြစ်၍ စာရင်းကောက် ဝန်ထမ်းများသည် စာရင်းကောက်ယူရာတွင်လည်းကောင်း၊ အချက်အလက်များ ဖြည့်သွင်းရာတွင် လည်းကောင်း တိကျမှန်ကန်ရန်နှင့် သတ်မှတ်ချိန်အတိုင်း စာရင်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်မှသာ တန်းဖိုးရှိသော၊ စိတ်ချယုံကြည်ရသော စာရင်းများရရှိမှာဖြစ်ကြောင်း၊ သင်တန်းသားများသည် မိမိတို့စာရင်းကောက်လုပ်ငန်း၏ အရေးကြီးမှု၊ အရေးပါမှုကိုသိရှိပြီး စိတ်ပါဝင်စားစွာ သင်တန်းမှ ပို့ချချက်များကို သင်ယူဆွေးနွေးသွားကြရန် ပြောကြားခဲ့သည်။

          ထို့နောက် ဖွင့်ပွဲအခမ်းအနားအပြီးတွင် စာရင်းကောက်မေးခွန်းလွှာသင်တန်းကို ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် သင်တန်းသားများအား စက်မှုဇုန်များနှင့် စက်မှုဇုန်တွင်း/ဇုန်ပြင်ပရှိ ပိုင်ဆိုင်မှုကဏ္ဍအလိုက် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေ စာရင်းကောက်မေးခွန်းလွှာပါ အချက်အလက်များကို  သင်ကြားပို့ချပေးခဲ့ ကြောင်း သတင်းရရှိသည်။