အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                         မတ် ၁၅

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ CMP အထည်ချုပ် လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့်တွေ့ဆုံခဲ့ရာ  ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဦးစီးဌာန/အဖွဲ့တို့မှ  တာဝန်ခံအရာထမ်းများ၊ UMFCCI မှ တာဝန်ရှိသူများ အပါအဝင်အင်အား ၁၂၀ ခန့် တက်ရောက် ခဲ့သည်။

ဒုတိယဝန်ကြီးက MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုး တိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင် ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ယူ တာဝန်ခံခြင်းဖြင့် ထိရောက်စွာ အကောင်အထည်ဖော်ရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ ဝန်ကြီးချုပ်က လမ်းညွှန် မှာကြားခဲ့ကြောင်း၊

ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိစေရန် ရည်ရွယ်၍ MSME အားပေးမြှင့်တင်ရေး အစီအစဉ်များနှင့် ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်ပါက မြန်မာ MSME များပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားသုံးငွေ လျော့ချနိုင်ခြင်းနှင့်  ပို့ကုန်များ တိုးမြင့်ထုတ်လုပ်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိစေခြင်း၊ ရလာဒ်ကောင်းများ ရရှိနိုင်မည် ဖြစ်၍ ကုန်ကြမ်း၊ လိုအပ်သည့် သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံအုတ်မြစ်သဖွယ် အလေးထား စီမံပံ့ပိုးပေးရမည်ဟု တိုက်တွန်းခဲ့ကြောင်း၊

CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီများ ထပ်မံဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဆပ်ကော်မတီများတွင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) နှင့် အထွေထွေအတွင်းရေးမှူးတို့ ပါဝင်ကြောင်း၊

CMP လုပ်ငန်း စနစ်တကျ ဆောင်ရွက်ရန်နှင့် အမှာစာရရှိမှု၊ ကုန်ကြမ်းတင်သွင်းမှု၊ အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၊ အလုပ်သမားအင်အား ထုတ်လုပ်မှုနှင့် ပြန်လည် တင်ပို့မှု တို့ကို ကျိုးကြောင်းဆီလျော် ညီညွတ်မှန်ကန်မှုရှိ/ မရှိ၊ ထုတ်လုပ်သည့် CMP ကုန်ချော ပစ္စည်း များမှ Reject သတ်မှတ်မှု မှန်ကန်ခြင်းရှိ/ မရှိ၊ စာရင်းဇယားများ စနစ်တကျထားရှိ ခြင်းရှိ/ မရှိ၊ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းမပြုဘဲ ပြည်တွင်း၌ ရောင်းချခဲ့သော ပစ္စည်းများအတွက် ပြည်တွင်း သုံးစွဲမှုနှင့် စပ်လျဉ်း၍ စစ်ဆေးကြီးကြပ်ခြင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရပြီး CMP လုပ်ငန်းရှင်များအား တွေ့ဆုံမေးမြန်းခြင်းနှင့် လိုအပ်ပါက ကွင်းဆင်းစစ်ဆေးရကြောင်း၊ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာများကို CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း၊ ထို့ပြင် CMP လုပ်ငန်းများ အထောက်အကူပြု ရုံးလုပ်ငန်းအဖွဲ့ဖွဲ့စည်း၍  ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီသို့ လစဉ်အလုပ်သမားများခန်အပ်ထားရှိမှုနှင့် လုပ်ခလစာ ထုတ်ပေးမှု အခြေအနေများကို တင်ပြပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်းဒေသကြီးရှိ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ် စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေး အတွက် တည်ဆဲ အလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင် အလုပ်သမားများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေး မှာကြားခဲ့ သည်။

နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက်  ရွှေပြည်သာမြို့နယ်ရှိ  အိတ်ချုပ်စက်ရုံ Myanmar GiGi Leather Goods Manufactory Co., Ltd နှင့် အင်းစိန်မြို့နယ်ရှိ Kaixi (Myanmar) Fashion Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား CMP လုပ်ငန်းများသည် အလုပ် အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင်ပြီး မြန်မာလုပ်သားထုနှင့် နိုင်ငံတော်အတွက် ရေတိုရေရှည်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ငန်းဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် CMP လုပ်ငန်းများကို ဖွင့်လှစ်ခွင့်ပြုပြီး သက်ဆိုင်ရာဦးစီးဌာန များမှစည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်ရှင်တို့သည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါထိခိုက်ခံစားမှုလျော့နည်း ကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးများစွာ အထောက်အကူဖြစ်စေနိုင် ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။