အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                             နိုဝင်ဘာလ ၈

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်ရုံ စစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်ချိန်၊ အချိန်ပို စသည့် အလုပ်သမားရေးရာ စံချိန်စံနှုန်းများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များကို အလုပ်သမား ရေးရာစစ်ဆေးခြင်းနည်းလမ်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စစ်ဆေး စည်းကြပ်ရသည့် အကြောင်းအရာများသည်  တိုးတက်နေသည့်  နည်းပညာများအရ အလုပ်သမား ဈေးကွက် အပြောင်းအလဲဖြစ်သည်နှင့်အညီ စစ်ဆေးစည်းကြပ်သည့် နည်းလမ်းများပြောင်းလဲလာခြင်းဖြစ်ကြောင်း၊

          အလုပ်သမားရေးရာစစ်ဆေးခြင်း၏ အဓိကအနှစ်သာရသည် အလုပ်ရှင်၊ အလုပ်သမားများအကြား မျှတသည့် အခြေအနေတစ်ခုရောက်ရှိစေရေး ထိန်းကြောင်းပေးနိုင်ရေးအတွက် လုပ်ငန်းခွင်များရှိ  အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအပါအဝင် လုပ်ငန်းခွင်များ၏ပကတိအခြေအနေကို စစ်ဆေးနိုင်ရန်၊ စစ်‌ဆေးရေးအရာရှိများအနေဖြင့် အသိ ပညာနှင့်ကျွမ်းကျင်မှုရှိခြင်း၊ ရိုးသားမှုနှင့်တည်ကြည်ဖြောင့်မတ်မှုရှိခြင်း၊ ယဉ်ကျေးမှုနှင့် လေးစားမှု ရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှုရှိခြင်း၊ စူးစိုက်လုပ်ကိုင်ခြင်း ဆိုသည့် ကျင့်ဝတ် များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာစစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့အပြင် အလုပ်သမားများ လုပ်ကိုင်နေရသည့် လုပ်ငန်းခွင်အခြေအနေကောင်းမွန်မှု ရှိ၊ မရှိ၊ ကျန်းမာရေး နှင့်ညီညွတ်မှု ရှိ၊ မရှိ သိရှိနိုင်ရေး စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊

ဦးစီးဌာနအနေဖြင့် တိုးတက်နေသည့် နည်းပညာနှင့်အညီ ပြောင်းလဲနေသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများကို သိရှိနိုင်ရန် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) တွင် ၂၀၀၀ ပြည့်နှစ်မှစ၍ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံးတာဝန်နှင့် ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၃-၉-၂၀၂၃ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊

ဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိရန် အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည် (Institutional Capacity) နှင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် (Individual Capacity) ကို မြှင့်တင်ပေးနိုင်ရန် ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ အထူးပြုမွမ်းမံသင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကို ကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် စစ်ဆေးရေးအရာရှိများ အနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာသိရှိနိုင်ရန် အဆိုပါ ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကိုဖိတ်ခေါ်ပြီး ဆွေးနွေးပို့ချပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဉီးစီးဌာနက အသုံးပြုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်ပတ်ဝန်းကျင် တိုင်းတာရေးကိရိယာများအား ကြည့်ရှုလေ့လာ ခဲ့ကြသည်။

အဆိုပါသင်တန်းကို In House Training System ဖြင့် အရာထမ်း (၃၅) ဦးအား ၈-၁၁-၂၀၂၃ ရက်နေ့မှ ၁၅-၁၁-၂၀၂၃ ရက်နေ့အထိ သင်တန်းကာလ ၇ ရက်အတွင်း စစ်ဆေးရေးအရာရှိ တစ်ဦး၏ကျင့်ဝတ်နှင့် တာဝန်များ၊ စစ်ဆေးရေး နည်းလမ်းများနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များ၊ လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း၊  လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုင်းတာရေး ကိရိယာများ အသုံးပြုခြင်း၊ လုပ်ငန်းခွင် တွင်ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့် စီမံခန့်ခွဲ ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၏ လုပ်ငန်းစဉ်များ၊ ဘွိုင်လာဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ သတ္တုတွင်းလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ အခြေခံသဘောတရားများနှင့် စံနှုန်းသတ်မှတ်ချက်များနှင့်ပတ်သက်ပြီး သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။