၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်တစ်ရပ်ဖြစ်သည့် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်ဖြစ်စေရေး၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းကျဆင်းစေရေး ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် အကျုံးဝင်သည့် လုပ်ငန်း များတွင် တည်ဆဲ ဥပဒေများနှင့်အညီ စစ်ဆေးစည်းကြပ်လျက်ရှိပါသည်။
ဘေးအန္တရာယ်ကင်းသည့် လုပ်ငန်းခွင်များ ဖြစ်စေရေး ပုံမှန်စစ်ဆေးစည်းကြပ်ပေး
စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများရှိ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စများအား စီမံချက်ချမှတ်၍ လစဉ်စစ်ဆေးစည်းကြပ်ခြင်း များဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်ပြီး ကောင်းမွန်သည့် လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်စေရေး လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း (Working Environment Measurement) ကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခုတို့တွင် လစဉ် စီမံချက်ချမှတ်၍ဆောင်ရွက်လျက်ရှိရာ ယခုကာလအတွင်း စက်ရုံ၊ အလုပ်ရုံ (၄) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေတိုင်းတာအကဲဖြတ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေး အသိပညာပေးဆွေးနွေးပေး
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်များ တိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၁၆/၂၀၂၆) ဖွင့်လှစ်၍ သင်တန်းသား (၄၁) ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ Hotel Mandalay တွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်၍ သင်တန်းသား (၈၀) ဦးတို့အား သင်ကြားပို့ချပေးခဲ့ပါသည်။

