အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                       မတ် ၁၃

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့ (၁၂:၀၀) နာရီ တွင် အဆိုပါဝန်ကြီးဌာန၏ စုဝေးခန်းမ၌ ဝန်ကြီးရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ အထူး နေ့လယ်စာသုံးဆောင်ခဲ့ကြသည်။

အထူးနေ့လယ်စာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြ သော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုကြောင်းနှင့် ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်တာဝန်များအား ကျေပွန်စွာ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် နေ့လယ်စာမိတ်ဆုံစားပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်မှုမှာ ဝန်ထမ်းအားလုံး၏ ပူးပေါင်းတာဝန်ယူ ဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း၊ ဝန်ထမ်းအားလုံးက ပေးအပ်ထားသည့် တာဝန်များကို အလေးထားကြိုးစားဆောင်ရွက်ကြသည့်အတွက် ကျေနပ်အားရဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်၏ အကျိုး၊ အလုပ်သမားဝန်ကြီးဌာန၏ အကျိုးအတွက် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အစဉ်ကြိုးစား လုပ်ကိုင်ပေးကြရန်နှင့် မိမိတို့ကို ပေးအပ်လာသည့်တာဝန်များကို ယခုကဲ့သို့ အစဉ်အလာကောင်းများအတိုင်း ကျေပွန်အောင် ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်း၊

ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာ ကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာရန်တာဝန်ရှိကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ကြီးရုံးမှ အရာထမ်း/ အမှုထမ်းများနှင့်အတူ အထူးနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြပါသည်။