နေပြည်တော် မတ် ၁၅
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့်သင်တန်းတွင် တက်ရောက်ခဲ့ကြသည့် လူမှုဖူလုံရေးအဖွဲ့၊ ရုံးချုပ်နှင့် မြို့နယ်ရုံးခွဲများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော အငယ်တန်းစာရေး ဝန်ထမ်းသစ်များ အား ယခုကဲ့သို့ သင်တန်းဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် ဝန်ထမ်းဘဝအတွက် အရေးကြီးသည့် စည်းမျဉ်းစည်းကမ်းများ၊ ဌာန၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများကို ပိုမိုပြီး သိရှိနားလည်အသုံးချနိုင်ရန် မျှော်လင့်ပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်ရှင်/အလုပ်သမားများနှင့် အများပြည်သူတို့၏ အကျိုးကိုရှေ့ရှုကာ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒလမ်းစဉ်များနှင့်အညီ ဝန်ဆောင်မှုပေးနေသည့် ဌာနအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေရန်၊ ခေတ်စနစ်နှင့်ကိုက်ညီ၍ နိုင်ငံတကာအဆင့်မီ လူမှုဖူလုံရေးစနစ် များကို အကောင်အထည်ဖော်နိုင်စေရန် စသည့် ရေရှည်မျှော်မှန်းချက်များ ချမှတ်လုပ်ဆောင်နေသည့် ဌာနဖြစ်သည်နှင့်အညီ ဌာန၏ လုပ်ငန်းစဉ်များနှင့် ရည်မှန်းချက်တာဝန်များကို နက်နက်ရှိုင်းရှိုင်း ပိုမိုသိရှိနားလည်သဘောပေါက်အောင် လေ့လာ ကြရန် လိုအပ်ပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများထံမှ လူမှုဖူလုံရေး ထည့်ဝင်ကြေးကောက်ခံ ပြီး အာမခံအလုပ်သမားများကို ဆေးကုသမှုဝန်ဆောင်မှုများနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးသည့် လူမှုကာကွယ်စောင့်ရှောက်မှု (Social Protection) လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်နှင့်အညီ အလုပ်သမားထုနှင့် များစွာထိတွေ့ ဆက်ဆံမှုပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းသားများသည် နယ်မြေရုံးခွဲများ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်သည့်အတွက် အလုပ်သမားထုနှင့် ထိတွေ့ဆက်ဆံကြရာတွင် မိမိဌာန၏ လုပ်ငန်းစဉ်များအား သေချာစွာ ရှင်းလင်းဆွေးနွေး နိုင်ရန်နှင့် ယဉ်ကျေးစွာပြုမူပြောဆိုဆက်ဆံတတ်ရန်၊ မိမိတို့ဌာနအဖွဲ့အစည်း ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အပြောအဆို၊ အပြုအမူများကို ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း၊
သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသိရှိခွင့်ရခဲ့သည့် ဘာသာရပ်ဆိုင်ရာ အတွေ့အကြုံ ဗဟုသုတ အသစ်များကို မိမိတို့၏ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် အစဉ်ကြိုးစားအားထုတ်၍ အကျိုးရှိစွာ အသုံးချလုပ်ကိုင် သွားကြရန်၊ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန်၊ ဌာနက အားကိုးအားထားပြုထိုက်သည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် မိမိတို့ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စိတ်စေတနာ ကောင်းများထားရှိပြီး လက်တွဲကြိုးပမ်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊
နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် ဥပဒေ၊ နည်းဥပဒေများအပြင် ပါတီနိုင်ငံရေးကင်းရှင်းကြရန်နှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေပြီး နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်စေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ဖွင့်လှစ်သည့် စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သို့ တက်ရောက်ခဲ့သော သင်တန်းသူ၊ သင်တန်းသားများနှင့် ဌာနမှတာဝန်ရှိသူများ သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့ သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။