နေပြည်တော် ဒီဇင်ဘာ ၂၃
အလုပ်သမားဝန်ကြီးဌာန၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါရုံးရှေ့၊ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးရုံးအပါအဝင် ဦးစီး ဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်းစွမ်းမှုရရှိစေရေး၊ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်း လုပ်ဆောင်တတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်စွမ်းမှုရှိစေရန်အတွက် နှစ်စဉ် အားကစားပြက္ခဒိန်ကိုရေးဆွဲပြီး ပြိုင်ပွဲများကျင်းပ၍ ယှဉ်ပြိုင်ကစားစေခဲ့ရာ ယခုနှစ်၏ နောက်ဆုံး အားကစား ပြိုင်ပွဲဖြစ်ပါကြောင်း၊
နိုင်ငံတော်ကချမှတ်ထားသည့် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသော လူမှုရေးဦးတည်ချက်ပါ ပြဋ္ဌာန်းချက်အရ လူတိုင်းအတွက် သက်ရှည်ကျန်းမာရေးသည် အဓိကကျပြီး အားကစားပြုလုပ်ခြင်းကြောင့်ရရှိသည့် ပထမဆုံးအကျိုးကျေးဇူးသည် မိမိတို့၏ တစ်ကိုယ်ရည် ကျန်းမာရေးကောင်းကျိုးရရှိမှာဖြစ်ပါကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၌ ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အားကစားနှင့် ပတ်သက်၍ ခံယူချက်အမျိုးမျိုးရှိသည့် အတွက် “အားကစားမြှင့်တင်တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက် နေခြင်းဖြစ်သည်”ဟူသောအချက်သည် အမြင့်မားဆုံးခံယူချက်ပင်ဖြစ်သည်ကို လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊
ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားဝါသနာရှင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်တို့ကိုဖော်ထုတ်ပြီး အောင်မြင်မှုရရှိသူများဖြစ်အောင် ကြိုးစားသွားကြရန်နှင့် အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ် များနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေကာ တစ်မျိုးသား လုံး ကျန်းမာ ကြံ့ခိုင်ရေး တိုးတက်စေနိုင်ခြင်းကြောင့် အားကစားသမားမောင်မယ်များသည် အားကစား စိတ်ဓာတ်အပြည့် ဖြင့် အနိုင်ရရှိအောင် ယှဉ်ပြိုင်ပြီး ဝန်ကြီးဌာနအဆင့် အားကစားသမားများမှ တစ်ဆင့် နိုင်ငံတော်အဆင့် ဝန်ကြီးဌာန ကိုယ်စားပြုယှဉ်ပြိုင်နိုင်သည့် အားကစားသမားတွေဖြစ် အောင် ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများကို ရင်းနှီးစွာလိုက်လံ နှုတ်ဆက်ခဲ့ပြီးနောက် ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများမှ အားပေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ၂၃-၁၂-၂၀၂၄ ရက်နေ့ မှ၂၇-၁၂-၂၀၂၄ ရက်နေ့အထိ ပြိုင်ပွဲဝင် အသင်း(၁၀)သင်းမှ ဝါသနာရှင်ဝန်ထမ်းအားကစားသမား စုစုပေါင်း (၁၁၄) ဦး ဝင်ရောက်ယှဉ်ပြိုင် ကစား သွားမည်ဖြစ် ကြောင်းသိရှိရပါသည်။
