နေပြည်တော် ဩဂုတ် ၁၂
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး သည် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)မှ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ ယာယီရုံး အဆောက်အဦ ဧည့်ခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်း သွားလာရေးအဖွဲ့(IOM) တို့အကြား ၂၀၁၅ ခုနှစ်မှ စတင်၍ နားလည်မှု စာချွန်လွှာ(MoU)လက်မှတ် ရေးထိုးပြီး ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာမှုများ နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်၍ IOM အနေဖြင့် အကူအညီ ပေးအပ် လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက် လျက်ရှိသော IOM ၏ လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယာယီရုံးအဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)တို့ အကြား ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) သက်တမ်းတိုး လက်မှတ်ရေးထိုးသည့် အခမ်း အနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ IOM မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

