အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                        ဇွန်  ၂၉

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သတင်းအချက်အလက်စနစ် (SSB Information System) ၏ ဘဏ္ဍာရေးလုပ်ငန်းစဉ်များအတွက် (၁၀)ရက်တာ ဖွင့်လှစ်သင်ကြား မည့် Training of Trainers (TOT)  သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/ သင်တန်းသူ များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက SSB Information System ပါဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ငွေစာရင်းခေါင်းစဉ်အလိုက် အချက်အလက်များ မှန်ကန်မြန်ဆန်စွာ ထည့်သွင်းနိုင်ရေး၊ ဘဏ္ဍာရေးလုပ်ငန်းစဉ်များနှင့် ဆက်စပ်လျက်ရှိသည့် စနစ်အသုံးပြုသူစီမံ ခန့်ခွဲရေးနှင့် စနစ်အသုံးပြုမှုဆိုင်ရာ Issues များအား ကိုယ်တိုင်ဖြေရှင်းနိုင်ရေး၊ e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့ရေးနှင့် IT Reform အနေဖြင့် SSB Information System ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို အထောက် အကူပြုနိုင်သည့် ဝန်ထမ်းများဖြစ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊

သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ကြိုးစား သင်ယူရန်နှင့် ပို့ချသည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာနှင့် အားတက်သရော လိုက်ပါဆောင် ရွက်ကြရန်၊ Internal Trainer များအား ပြန်လည်ပို့ချနိုင်ရေး ကြိုးစားလေ့လာကြရန်၊ တွေ့ကြုံလာဖွယ်ရှိသည့် နည်းပညာဆိုင်ရာ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင် စေရန်အတွက် အမှန်တကယ် တတ်မြောက်အောင်လေ့လာပြီး လေ့လာသင်ယူခဲ့သည့် အတတ် ပညာများဖြင့် ထိထိရောက်ရောက် ပြန်လည်အသုံးချ၍ ပြည်သူများကို တိကျမြန်ဆန်သည့် ဝန်ဆောင်မှုများပေးနိုင်အောင် ကြိုးစားသွားကြရန် မှာကြား၍ သင်တန်းတက်ရောက်သူများ အား ရင်းနှီးစွာနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ ကြသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများသည် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(နေပြည်တော်)နှင့် ဒဟက်ကုန်းသကြားစက်ရှိ အာမခံအလုပ်သမား များအား လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂) စီးဖြင့် လုပ်ငန်းခွင်အရောက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမှုအား ကြည့်ရှုအားပေးခဲ့ သည်။

ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာတွင် ဆေးကုသမှုအဖွဲ့မှ အာမခံအလုပ်သမား များအား လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုနည်းပါးစေရန် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များကို အသိပညာပေးပြောကြားခြင်း၊ မျက်စိရောဂါဝေဒနာရှင်များအား မျက်စိပါဝါစမ်းသပ်စစ်ဆေးပေး ခြင်း၊ ဓာတ်ခွဲစစ်ဆေးမှု (၂၆၉)ဦး၊ နှလုံးစမ်းသပ်စစ်ဆေးမှု (၁၈၃)ဦးနှင့် ဆေးဝါးထောက်ပံ့ပေး ခြင်း  ဆောင်ရွက်ပေးမှုတို့အား ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု၍ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် အကျုံးဝင်အလုပ်ဌာနပေါင်း (၁၁၃၀)ဌာနနှင့် အာမခံအလုပ်သမားဦးရေ (၂၈,၈၇၂) ဦးရှိပြီး မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၃)ခန်း၊ စာချုပ်ဆေးခန်း (၅)ခန်း၊ ဌာနကြီးဆေးခန်း (၄) ခန်းတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆေးဖိုးအမှုတွဲပေါင်း (၂၁၅၁) နှင့် ငွေကျပ် (၅၇၀.၆၈၅) သန်းကို ဆေးဖိုးပြန်လည်ပေးအမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။