နေပြည်တော် ဇွန် ၂၆
အလုပ်သမားဝန်ကြီးဌာန၊ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စိုက်ခင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအားလုံး သစ်တောသစ်ပင် ကို ချစ်ခင်တတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန်နှင့် ဂေဟစနစ်ကောင်းမွန် ပြီး ရာသီဥတုမျှတကောင်းမွန်စေရေးကို အထောက်အကူပြုစေရန်စသည့် ရည်ရွယ်ချက်ကောင်း များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊
သစ်ပင်စိုက်ပျိုးခြင်းသည် အပူဒဏ်ကိုလျှော့ချပေးသည့်အပြင် စိမ်းလန်းစိုပြေသည့် သစ်ရိပ်ဝါးရိပ် များ၏ မြင်ကွင်းများသည် မျက်စိပသာဒကိုဖြစ်စေပြီး လူ၏စိတ်နှလုံးကို အေးချမ်းစေသည့် အကျိုး ကျေးဇူးများကို ရရှိစေသည့်အပြင် နောင်လာနောင်သားများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် ကို ရရှိခံစားနိုင်စေရေး ဖန်တီးဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊
ကုလသမဂ္ဂ စားရေရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ အစီရင်ခံစာအရ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂.၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် ၄၂.၁၅ ရာခိုင်နှုန်း ရှိတော့သဖြင့် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း လျော့နည်းသွားခြင်းကြောင့် နိုင်ငံတော်အနေဖြင့် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းရောက်အောင် ရည်မှန်းချက်ထားပြီး ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ဝန်ကြီးဌာနအနေဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
“ဥတုရာသီတောကိုမှီ” ဆိုသည့်အတိုင်း သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းသည် ရာသီဥတု မျှတကောင်းမွန်စေပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ခြင်းကြောင့် အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများ ကျင်းပခဲ့ပါကြောင်း၊ “ထာဝရကုသိုလ်ရယူဖို့၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သစ်ပင် စိုက်ပျိုးခြင်းသည် ရိုးရှင်းလွယ်ကူစွာဖြင့် လူတိုင်းလက်လှမ်းမီစွာ လုပ်ဆောင်နိုင်သည့် ကုသိုလ် တစ်ခုဖြစ်သောကြောင့် ဝန်ထမ်းများအနေဖြင့် မိမိတို့စိုက်ပျိုးလိုက်သည့် သစ်ပင်တစ်ပင်ကို ရှင်သန် စေလိုသည့် စေတနာဖြင့် စိုက်ပျိုးခြင်းဖြင့် ထာဝရရရှိမည့် ကုသိုလ်တစ်ခုအဖြစ်မှတ်ယူ၍ စိုက်ပျိုးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များမှ ရတနာ တန်းဝင်ကျွန်းပင်များအား သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဝန်ထမ်းများ၏ ရတနာတန်းဝင် ကျွန်းပင် ၅၀၀ ပင်အား စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်အထိ ရုံးအနီး တစ်ဝိုက်တွင် ကျွန်း၊ ယမနေစသည့် ရတနာတန်းဝင်သစ်ပင် (၄၀၀၀) ကျော် စိုက်ပျိုးပြီးဖြစ် ကြောင်း သတင်းရရှိသည်။

