တောင်ကြီး မတ် ၁၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လူမှုဖူလုံရေး-ခိုင်မေတ္တာဆေးရုံ၊ လူမှုဖူလုံရေးရုံးနှင့် လူမှုဖူလုံရေးဆေးခန်းများတွင် အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေး-ခိုင်မေတ္တာဆေးရုံသို့ သွားရောက်၍ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တောင်ကြီးမြို့ရှိ လူမှုဖူလုံရေးရုံနှင့် လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်၍ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းအင်အားပြည့် လည်ပတ်ရန် လိုအပ်ချက် ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ရုံးနှင့် ဆေးခန်းရှိ တာဝန်ရှိသူများ အနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်း၊ ရုံးနှင့် ဆေးခန်းလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်း များ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောင်ကြီးမြို့ရှိ လူမှုဖူလုံရေး-ခိုင်မေတ္တာဆေးရုံအား လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း၍ အာမခံအလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေအားများနှင့် လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အလုပ်ဌာန (၇၉၁)ဌာန၊ အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၁၀,၉၇၃) ဦးရှိပြီး မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၂)ခန်း၊ ဌာနကြီးဆေးခန်း (၁)ခန်းနှင့် စာချုပ်ဆေးခန်း (၁)ခန်းတို့ဖွင့်လှစ်ကာ ဝန်ဆောင်မှုဆောင်ရွက် ပေးလျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Community Center (ပြန်ကြားရေးခန်းမ)၌ ပြည်နယ်ရှိ အရာထမ်း၊ အမှုထမ်းများ၌ တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ တည်ဆဲဥပဒေများအား လေးစားလိုက်နာနိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ဌာနများအလိုက် လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုအား ကျေပွန်စွာထမ်းဆောင်ရန်နှင့် ဝန်ထမ်း များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံအောင် ဖန်တီးကြရန် မှာကြားခဲ့ပါသည်။