ရန်ကုန် မတ် ၁၄
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိ သူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာအလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေး မှူးများ၊ စစ်ဆေးအကဲဖြတ်သူများ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ အပါ အဝင် (၁၂၀) ဦး တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးက မှာကြားရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ မည်မျှပင် ပေါကြွယ်ဝစွာ ရှိနေစေကာမူ လူသား အရင်းအမြစ်ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရှိနိုင်မည်မဟုတ်ကြောင်း၊ သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် မိမိနိုင်ငံရှိ လူသား အရင်းအမြစ် ကြွယ်ဝစေရေးအတွက် မျိုးဆက်သစ်လူငယ်များကို ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း။
ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ် ကြောင်း၊ မျိုးဆက်သစ်များအနေဖြင့် နည်းပညာခေတ်တွင် ထူးချွန်ထက်မြက်စေရန် ကိုယ်တိုင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပြီး စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရန်လိုကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်တည်ဆောက်ရာတွင် အသိပညာနှင့် အတတ်ပညာ နှစ်မျိုးပေါင်းစပ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း။
သူများထက် ပိုတော်စေချင်လျှင် သူများထက်ပိုမိုကြိုးစားအားထုတ်ရန်လိုပြီး ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်နှင့် ကိုက်ညီသော စွမ်းဆောင်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်ရန် လိုကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်က “အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအားလုံးတိုးတက်အောင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မည်သည့် လုပ်ငန်းမှ ရပ်တန့်နေ၍ မရ၊ ရပ်တန့်နေပါက ရပ်တန့်နေသည့် နယ်ပယ်၊ ရပ်တန့်နေသည့် ဒေသ ကျန်နေမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက်နှင့်အညီ အလေးထားအကောင်အထည်ဖော်ရ မည်ဖြစ်ကြောင်း၊
အလုပ်သမားဝန်ကြီးဌာနသည် ဒေသတွင်းသာမက နိုင်ငံတကာနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိ သော လုပ်သားထုတစ်ရပ် ပေါ်ထွန်းလာစေရေး မျှော်မှန်းချက်ထားရှိကာ လူ့စွမ်းအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု“စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) တွင် Focal Ministry အဖြစ် ဆောင်ရွက်ကာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလထိ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပြီး အလုပ်အကိုင် (၄၀) မျိုးတွင် ဖြေဆိုသူ (၂၇,၆၁၆) ဦးအနက် (၂၅,၅၁၄) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုပေးခဲ့ကြောင်း၊
ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ NSSA ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျွမ်းကျင်လုပ်သား (၈၂၉) ဦး နှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၈) ခု၊ စစ်ဆေးအကဲဖြတ်သူ (၆၂) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်မှာဖြစ်ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သူများအတွက် ကိုယ်စားလှယ်ဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား (၃၅၀၀) ဦး စစ်ဆေးအကဲဖြတ်နိုင်ရေး လျာထား၍ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လုပ်သား (၂၉၃၄) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး မတ်လတွင် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အလုပ်အကိုင် ၄၈ မျိုး အတွက် ဖြေဆိုသူ (၅၀၀၀) ဦး စစ်ဆေးအကဲဖြတ်နိုင်ရန် လျာထားကြောင်း၊
NSSA အနေဖြင့် အရည်အသွေးကျဆင်းမှု မရှိစေရေး ISO 9001: 2015 နဲ့အညီ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး ၂၆-၂-၂၀၂၄ ရက်နေ့တွင် ISO Surveillance 2 ကို စစ်ဆေးမှုခံ ယူခဲ့ကြောင်း၊
NSSA အနေဖြင့် စစ်ဆေးအကဲဖြတ်ရေးဌာနများ၊ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများ၏ ကျေနပ်အားရမှုကို သိရှိနိုင်ရန် Customer Survey Form များအသုံးပြု ကောက်ယူ၍ ပြန်လည်သုံးသပ်ကာ အကြံပြုချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှုကို Feedback များ ပေးပြီးဖြစ်ကြောင်း၊ ကျွမ်းကျင်မှုအသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ စည်းရုံးတိုက် တွန်းခြင်း၊ အားပေးခြင်း နည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိနိုင်ငံ တွင်းသာမက အခြားနိုင်ငံများနှင့် ချိတ်ဆက်၍ ကျွမ်းကျင်မှုများ အပြန်အလှန်အသိအမှတ်ပြု နိုင်ရေး (Mutual Recognition of Skills-MRS) နည်းလမ်းများဖြင့် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် စွမ်းဆောင်ရည်၊ တီထွင်မှု၊ စဉ်းစားတွေးခေါ်မှု၊ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု စသည့် Soft Skill များ လေ့လာ သင်ယူရန် Soft Skills Training များ ပို့ချရန်သာမက ဖွံ့ဖြိုးတိုးတက်လာသော အနာဂတ် အလုပ်အကိုင်များနှင့်အညီ Hard Skills Training များပါ ဖွင့်လှစ်ပို့ချရန် စီမံထားကြောင်း၊
လေ့ကျင့်သင်ကြားမှု Hard Skills Training များကို ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်းများတွင် ဒေသလိုအပ်ချက်များသော အလုပ်အကိုင်အမျိုးအစားအလိုက် ကျွမ်းကျင်မှု သင်တန်းများ ပို့ချပေးလျက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မည့် MSME သင်တန်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ ကျွမ်းကျင် ပညာရှင် အဖွဲ့အစည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး၊ တာဝန်ရှိသူများက NSSA ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရ လုပ်သားများ၊ စစ်ဆေး အကဲဖြတ်သူများနှင့် စစ်ဆေးအကဲဖြတ်ရေးဌာန ကိုယ်စားလှယ်များကို အသိအမှတ်ပြုလက်မှတ် များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။


