နေပြည်တော် စက်တင်ဘာ၂၄
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ချောင်းကမ်းကြီးကျေးရွာမှ အိမ်ထောင်စု (၂၆၀)စုအား ထောက်ပံ့ကြေးနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ချောင်းကမ်းကြီးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့် ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ၊ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ ဝန်ထမ်းများနှင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MOEAA)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA)မှ တာဝန်ရှိသူတို့သည် ချောင်းကမ်းကြီးဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသုစိတ္တ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ရေဘေးသင့် အိမ်ခြေ (၂၆၀) မှ မိသားစုဝင်များအတွက် ထောက်ပံ့ငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့် ပစ္စည်းများ အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ကျန်းမာရေးဆိုင်ရာဝန်ထမ်းများမှ ရေဘေးသင့် မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများကကြည့်ရှု၍ ရေဘေးသင့် မိသားစုဝင်များအား အားပေး စကားပြောကြားခဲ့ပါကြောင်းနှင့် ချောင်းကမ်းကြီးကျေးရွာမှ အိမ်ထောင်စု(၂၆၀)စုအတွက် စုစုပေါင်းလှူဒါန်းသည့်တန်ဖိုးငွေ ကျပ် ၃၀,၂၆၇,၀၀၀ အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
