အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                             ဇန်နဝါရီ ၂၈ 

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီး ဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် အဖွဲ့ဝင် များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ(၈)ရပ်၏ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းနှင့် လူမှုအဖွဲ့ အစည်းများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ပထမငါးနှစ် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်)ကို ကနဦး စီမံချက်နယ်မြေ (၅)ခုအဖြစ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ကို သတ်မှတ်ခဲ့ပြီး ဦးစားပေး နယ်ပယ် (၂)ခုဖြစ်သည့် စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍတို့ရှိ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးချမှတ်ထားသည့် ရည်မှန်းချက် (၆) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊

ထို့ပြင် ၈-၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကော်မတီ၏ ဆဋ္ဌမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက် (၁၀)ရပ် ချမှတ်နိုင်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်များကိုလည်း အမျိုးသားအဆင့် လုပ်ငန်းကော်မတီ (၈)ရပ် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီ များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များတွင် ပါဝင် သည့် ဆင်းရဲနွမ်းပါးမှုပပျောက်ရန် ဆောင်ရွက်ရာတွင် ကလေးအလုပ်သမားအရေးကိစ္စသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ပါဝင်နေကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်ထုတ်စွမ်းအား ကို အထောက်အကူဖြစ်စေမည့် လူငယ်၊ လူရွယ်နှင့် ကလေးများကို အလုပ်သမားများအဖြစ် အသုံးပြုမှုများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှု ဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများသည် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကလေး များအပေါ်တွင် များစွာမူတည်နေပြီး ကလေးသူငယ်များအား လုပ်ငန်းခွင်တွင် ဆောလျင်စွာ အသုံးပြုပါက ၎င်းတို့၏ ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့လာဆည်းပူးခွင့် အခွင့်အရေးများ ဆုံးရှုံးနိုင်ပြီး အဖိုးတန်သော လူငယ်များဖြစ်စေရေးကို အတားအဆီးဖြစ်စေ နိုင်သည့်အပြင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များကို ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါ ကြောင်း၊

ကလေးအလုပ်သမားများသည် မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် အများဆုံး ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရာတွင်  လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသည့် ကလေးများအား ရှာဖွေဖော်ထုတ်ပြီး ဖယ်ရှားပစ်ရုံဖြင့် ပပျောက်အောင် ဆောင်ရွက်၍ မရနိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး အခမဲ့ပညာသင်ကြားခွင့်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြား ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာမှုများ၊ အခက်အခဲများ၊ အားနည်းချက်များရှိသော်လည်း ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ စီမံချက်ပါ အညွှန်းကိန်းများရရှိအောင် ရေရှည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊

အမျိုးသားအဆင့် လုပ်ငန်းကော်မတီ(၈)ရပ်အနေဖြင့် လုပ်ငန်းစီမံချက်(၂၀၂၄-၂၀၂၈ ခုနှစ်) ပါ အညွှန်းကိန်းများအား ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လည်း လိုအပ်ပါကြောင်း။

ကလေးအလုပ်သမား အများစုသည် ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ယူခွင့် အားနည်းမှုနှင့် မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရအလုပ်အကိုင်များကို မဖြစ်မနေ လုပ်ကိုင်ရန် ဖိအားများ ကြုံတွေ့နေရသဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန် မပျက် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားရန်တိုက်တွန်းပြောကြားလိုကြောင်း၊

အမျိုးသားကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ ဉက္ကဋ္ဌများနှင့် လုပ်ငန်းကော်မတီ ဉက္ကဋ္ဌများ၊ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးကို အထိရောက်ဆုံး အောင်မြင်အောင် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြသွားစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး အမျိုးသားကော်မတီ အတွင်းရေးမှူး၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဆဋ္ဌမအကြိမ် အမျိုးသားကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် လုပ်ငန်းကော်မတီ (၈)ရပ်၏ ဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သတ္တမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် များကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။

၎င်းနောက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။