နေပြည်တော် အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများ အား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တက်ရောက်အမှာစကားပြောကြားပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အလုပ်ဌာနများမှ အလုပ်ရှင်များ၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် တစ်မျိုးသားလုံးအကျုံးဝင်သည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်ဟူသော ရည်မှန်းချက်နှင့်အညီ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ် ၆ မျိုးအနက် နိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်နှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်တို့အား လက်ရှိအကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိကြောင်း၊
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်၍ အာမခံအလုပ်သမားများ၏ အချိန်ပြည့် ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ပညာသင်စရိတ်လျှောက်ထားလာသည် အာမခံအလုပ်သမား ၃၈၃၉ ဦး၏ သားသမီး ၅၁၉၇ ဦး အတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ကျပ်သန်း ၂၂၀.၅၃၀ ထောက်ပံ့ပေးအပ်မည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ အာမခံ အလုပ်သမား ၇၂၇၉၄ ဦး၏ သားသမီး ၉၅၄၁၂ ဦးအတွက် ငွေကျပ် ၃.၇၈၇ ဘီလီယံကျော်ကို Online Payment စနစ်ဖြင့် အာမခံအလုပ်သမားများထံသို့ ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊
၎င်းအပြင် မန္တလေးငလျင်ဘေးသင့်သည့် အာမခံအလုပ်သမား ၆၇၅၇ ဦးအတွက် သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ငွေကျပ်သန်း ၅၆၇.၃၆၅ ကိုလည်း ခွင့်ပြုထုတ်ပေးမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၆)ခုမှ အာမခံအလုပ်သမား ၇၉၇၉၅ ဦးအတွက် ငွေကျပ် ၆.၆၇၅ ဘီလီယံကျော် Online Payment စနစ်ဖြင့် ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစား ခွင့်များကို ကြန့်ကြာမှုမရှိစေဘဲ ခွင့်ပြုထုတ်ပေးဆောင်ရွက်လျက်ရှိပြီး အလုပ်ရှင်၊ အလုပ်သမား များ ယုံကြည်အားထားရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အခိုင်အမာရပ်တည်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ထံ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀% ကျပ်သန်း ၅၆၇.၃၆၅ ကို လည်းကောင်း၊ ဒုတိယဝန်ကြီးက နေပြည်တော် ကောင်စီဝင်ထံသို့ ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ကျပ်သန်း ၂၂၀.၅၃၀ ကိုလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီရုံးအတွင်း ရွေ့လျားဆေးကုသယာဉ်(MMU)ဖြင့် အာမခံလုပ်သားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

