နေပြည်တော် အောက်တိုဘာ ၃
ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ ကြီးကြပ် ရေးကော်မတီ၏ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ၏ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက CMP လုပ်ငန်းများသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ် အကိုင် အခွင့်အလမ်းရရှိမှုနှင့် နိုင်ငံတော်၏ ဝင်ငွေကို ရှာပေးသည့် နေရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်နေပြီး ခေတ်အဆက်ဆက် CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အသင်းအဖွဲ့နှင့် ကာယကံရှင်များ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့၍ ယနေ့ အချိန်တွင် CMP လုပ်ငန်းများ ပမာဏများပြားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှာဖွေ ပေးနေသည့် လုပ်ငန်းဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အတွက် ထုတ်ကုန်များ အရေအတွက်သာမက အရည်အသွေးမြင့်မားရေး၊ အလုပ်သမားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသားလုပ်ငန်းရှင် များ၊ နိုင်ငံသားလုပ်ငန်းရှင်များ အကျိုးစီးပွားဖြစ်ထွန်းရေး၊ လုပ်ငန်းများ အဆင်ပြေချောမွေ့ရေး အဓိကတာဝန်ရှိကြောင်း၊ ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများဖြစ်သည့် CMPလုပ်ငန်း များစစ်ဆေးရေးဆပ်ကော်မတီ၊ CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၊ CMP သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီနှင့် CMP လုပ်ငန်းအကြံပေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်သောကြောင့် ကော်မတီကပေါင်းစပ်ညှိနှိုင်းသည့် အလုပ်ကိုလုပ်ဆောင် ပြီး ဆပ်ကော်မတီများက သက်ဆိုင်ရာ လုပ်ငန်းဌာနအလိုက် လုပ်ငန်းရှင်၊ လုပ်သားများနှင့် ပေါင်းစပ်ပြီး CMP လုပ်ငန်းကွင်းဆက် Supply Chain တစ်လျှောက်လုံး အဆင်ပြေရန်၊ ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အထူး သဖြင့် ယနေ့အစည်းအဝေးတွင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်ပါ “ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agrobased Industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အလုပ်ရှင်များ၏ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ကော်မတီဝင်အသီးသီးမှ ဆောင်ရွက်ပေးနိုင်မည့် အကြံပြုချက်များကိုအလေးထား ဆွေးနွေးပေးစေလိုကြောင်းနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းမှုရရှိနေခြင်းသည် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း CMP လုပ်ငန်းများစစ်ဆေး ရေးဆပ်ကော်မတီ၊ CMP လုပ်ခနှင့်အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၊ CMP သွင်းကုန်၊ ပို့ကုန် ဆိုင်ရာကြီးကြပ်ရေးဆပ် ကော်မတီတို့မှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးခဲ့မှုများအပေါ် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

