အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                             ဇူလိုင် ၂၅

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမား ရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်အမှာစကားပြောကြားသည်။

          ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် မြန်မာလုပ်သားထု စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများ ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးနေကြောင်း၊  

           အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုလုပ်ငန်းကော်မတီအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မည့် TVET အစီအစဉ်များနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနိုင်ရေး၊ ဒေသအလိုက် ပညာရှင်များစုဖွဲ့၍ အစီအမံများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် MSME များအတွက် ကျွမ်းကျင်လုပ်သားလိုအပ်မှု နည်းပညာလို အပ်ချက်များကို ပံ့ပိုးဆောင်ရွက်ပေးရန် လမ်းညွှန်ခဲ့ကြောင်း၊

          ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃)ပထမငါးနှစ် စီမံချက်ကာလတွင် ကျွမ်းကျင်မှုသင်တန်း(၃၀)ကြိမ်ဖြင့် သင်တန်းသား (၇၇၆) ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သင်တန်း(၁၉)ကြိမ်ဖြင့် သင်တန်းသား(၄၈၅)ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊တိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားများ လျော့နည်းပပျောက် စေရေး၊ လူငယ်များအတွက် သင့်တော် ကောင်းမွန်သော အလုပ်အကိုင်များ တိုးတက်ရရှိစေရေး တို့အတွက် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း အစီအစဉ်များကို (၂၀၂၄-၂၀၂၈) ဒုတိယ ငါးနှစ်စီမံချက် လျာထားချက်နှင့်အညီ အကောင်အထည်ဖော်နိုင်ရေး အလေးထားဆောင်ရွက်စေ လိုကြောင်း၊

          သင်တန်းသားများအနေဖြင့် နည်းပြဆရာများ သင်ကြားပို့ချသည့် လုပ်ငန်းဆိုင်ရာ စာတွေ့ လက်တွေ့ပိုချမှုများကို နာခံလိုစိတ်ဖြင့် မှတ်သားသင်ယူပြီး သင်တန်းပြီးဆုံးချိန် သက်ဆိုင်ရာ လုပ်ငန်းခွင်များ၌  ပြန်လည်အသုံးချ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့်  မိမိတို့ဆောင်ရွက်ရသည့် အလုပ်အပေါ် စိတ်စေတနာကောင်းထားပြီး အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် မိမိတို့ လူနေမှုဘဝတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ ကြောင်းသတင်းရရှိသည်။