အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန် (၂)၊ ဒီပဲယင်း ဝန်ထောက်ဦးမြဲလမ်း၊ အမှတ်(၈၃)ရှိ Mr. Huang Peng (တရုတ်နိုင်ငံသား) ပိုင်ဆိုင်သည့် Zuyuan Edenweiss Sanwa Co., Ltd သိုးမွှေးထိုးစက်ရုံရှိ အလုပ်သမားများသည် စက်ရုံ တွင်ဥပဒေပါ ခွင့်ခံစားခွင့်များ မရရှိသည့်အပြင် ခွင့်တစ်ရက်ယူပါက ဒေးကြေးနှင့်ရက်မှန် ကြေးဖြတ်တောက်ခံရကြောင်း၊ ဆေးခန်းနှင့် ဆေးမရှိကြောင်း၊ အိမ်သာများသန့်ရှင်းမှုမရှိ ကြောင်း၊ အခြေခံလစာ တိုးမြှင့်ပေးစေလိုကြောင်း၊ စက်ရုံပိတ်သိမ်းပြီး ပြန်လည်ဖွင့်လှစ်ချိန် ၌  ယခင်ရရှိခဲ့သည့် လုပ်သက်နှစ်ကြေးများ ဖြတ်တောက်၍ ဝင်ငွေနည်းသွားကြောင်း၊ မတူ ညီသောစံချိန်များတောင်းခံပြီး စံချိန်မရပါက အောစူပါ၊ စူပါများမှ ငွေကြေးဖြတ်တောက် ကြောင်း သိရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ ၃-၇-၂၀၂၃ ရက်နေ့တွင် လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သည့်ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံ သို့သွားရောက်၍ စက်ရုံမှူး၊ မန်နေဂျာနှင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် (၃) ဦး၊ လိုင်းအလိုက် အလုပ်သမား (၂၅) ဦးတို့ အားတွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါတို့ကိုသိရှိရပါသည်-

(က)   စက်ရုံမှ ဥပဒေပါခွင့်ရက်များအား ဒေးကြေး ကျပ် ၄၈၀၀ ပေး၍ ခံစားခွင့်ပြု ကြောင်း စက်ရုံတွင် ဆေးခန်းနှင့် သူနာပြုဆရာမတစ်ဦးရှိပြီး ဆေးနှင့်ဆေး ပစ္စည်းများလုံလောက်မှုရှိကြောင်း၊ အလုပ်သမားများ အသုံးပြုသည့် အိမ်သာ များမှာ သန့်ရှင်းမှုရှိပြီး သန့်ရှင်းရေးဝန်ထမ်း (၄)ဦးခန့်အပ် တာဝန်ပေးထား ကြောင်း၊

(ခ)     အခြေခံလစာ ထပ်မံ တိုးမြှင့်ပေးရန်ကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများမှ စက်ရုံတာဝန်ရှိသူများနှင့် ဆွေးနွေးမှုမရှိကြောင်း၊ စက်ရုံမှ ယခင်ပေးထား သော လုပ်သက်နှစ်ကြေးများနှင့် တစ်လလုံး ပျက်ရက်မရှိ အချိန်ပိုဆင်းခြင်း အတွက် အချိန်ပိုမှန်ကြေး ကျပ် ၅၀၀၀ ကို ကိုဗစ်-၁၉ ကာလတွင် အထည် အော်ဒါများ မရရှိ၍ စက်ရုံယာယီပိတ်သည့် (၈/၂၀၂၁) လမှစ၍ အလုပ်သမား များနှင့်ညှိနှိုင်းသဘောတူညီမှု ရယူပြီး မပေးခဲ့ကြောင်း၊

(ဂ)    စက်ရုံပိတ်ထားချိန်ကာလ (၁၀/၂၀၂၁)လမှ (၁/၂၀၂၂)လ အထိ ထောက်ပံ့ကြေး ကျပ် ၅၀၀၀၀ ၊ (၂/၂၀၂၂)လ မှ ၄-၅-၂၀၂၃ ရက်နေ့အထိ ကျပ် ၆၅၀၀၀ အလုပ် သမားများအားပေးထားကြောင်း၊ အလုပ်သမားများ၏လုပ်သက်အလိုက် လုပ်သက် နှစ်ကြေးကို (၆/၂၀၂၃)လမှ စတင်ပေးမည်ကို အလုပ်ရှင်၊ အလုပ်သမားသဘော တူညီမှုရရှိထားကြောင်းနှင့် သတ်မှတ်စံချိန် မရရှိပါက ငွေကြေးဖြတ်တောက် ခြင်းမရှိကြောင်း။

Zuyuan Edenweiss Sanwa Co.,Ltd သိုးမွှေးထိုးစက်ရုံနှင့်ပတ်သက်သည့်သတင်း ဖော်ပြထားမှုများအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန