အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် အောက်တိုဘာ ၁၂

အလုပ်သမားဝန်ကြီးဌာနသည် ခေတ်နှင့်ဆီလျော်ညီညွတ်မှုမရှိသည့် အလုပ်ရှင်၊ အလုပ်သမားရေးရာ ကိစ္စရပ်များ နှင့်စပ်လျဉ်းသည့် ဥပဒေများအား ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ပြုလုပ်လျက်ရှိရာ ၁၉၂၃ ခုနှစ်၊ အလုပ်သမား လျော်ကြေးဥပဒေအား အသစ်ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော်ရှိ၊ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် ၁၂-၁၀-၂၀၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တာဝန်ရှိသူများမှ အလုပ်သမားလျော်ကြေးဥပဒေအသစ်ရေးဆွဲနိုင်ရေးအတွက် မူကြမ်းရေးသားပြုစု ထားရှိမှုအခြေအနေများကို တင်ပြခဲ့ပြီးနောက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်မှ ဥပဒေအသစ် ရေးဆွဲရာတွင် အိုင်အယ်လ်အိုကွန်ဗင်းရှင်းများ၊ နိုင်ငံတကာစံနှုန်းထားများနှင့်ကိုက်ညီမှုရှိရန် လိုကြောင်း၊ ခေတ်မီပြီးလက်တွေ့ကျင့်သုံးရာတွင်လည်းလစ်ဟာမှုမရှိသည့်ဥပဒေမျိုးဖြစ်ရန်လိုအပ်ကြောင်း၊ မြန်ဆန်မှု ထက်တိကျပြည့်စုံမှုကို အလေးထားရမှာ ဖြစ်ကြောင်း၊ဆက်စပ်သည့်ဌာန၊အဖွဲ့အစည်းများ၏အကြံဉာဏ်များကိုလည်း ရယူသွားရမှာဖြစ်ကြောင်း၊ထို့အပြင်ဥပဒေရေးရာကိုစိတ်ပါဝင်စားသည့် ပြည်တွင်းပြည်ပမှပညာရှင်များ၊ ပြင်ပပုဂ္ဂိုလ်များ၏ အကြံဉာဏ်များကိုလည်း ရယူရန်လိုအပ်ကြောင်း၊ ဘက်ပေါင်းစုံမှရှုမြင်သုံးသပ်ပြီးပြည့်စုံကောင်းမွန်သည့်ဥပဒေ တစ်ရပ်အဖြစ် ပြုစုသွားရန်ဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဌာနအကြီးအကဲများ၊ ရုံးအဖွဲ့မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အလုပ်သမားလျော်ကြေးဥပဒေသစ်ရေးဆွဲရာတွင် ပါဝင်သင့်သောအချက်များအား အကြံပြုလိုပါက တယ်လီဖုန်း အမှတ် ဝ၆၇၄၃၀၁၀၇ နှင့် ဝ၉၄၉၂၀၅၈၇၇ တို့သို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ကြောင်းနှင့် အီးမေးလ်ဖြင့် ပေးပို့လိုပါက mdynyuntwin@gmail.com သို့ ဆက်သွယ် ပေးပို့နိုင်ကြောင်းသိရှိရသည်။