အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ ပထမအကြိမ် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းပြပွဲ အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park ၌ ၁-၃-၂၀၁၄ ရက်နေ့ နံနက်(ဝ၈းဝ၀)နာရီတွင်ကျင်းပရာအခမ်းအနားသို့ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပအေဂျင်စီများ၊ ပြည်ပလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပါသည်။
ဖွင့်‌ပွဲအခမ်းအနားတွင်အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးသန်းမြင့်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက အမှာစကားပြောကြားပြီး မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဌ ဦးမင်းလှိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အလုပ်အကိုင်အခွင့် အလမ်းပြပွဲသည် ယခင်ကျင်းပခဲ့သော ပြပွဲများနှင့်မတူဘဲ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်စသည့် နိုင်ငံအသီးသီးမှ အလုပ်ရှင်များလာရောက်၍ ၄င်းတို့ လိုအပ်နေသည့် အလုပ်သမားများကို ရွေးချယ်ပြီး ပြည်ပ၌အလုပ်ခန့်အပ်မည်ဖြစ်သဖြင့် ထူးခြားသောပွဲတစ်ပွဲဖြစ်ကြောင်း၊ ကမ္ဘာကြီးတွင် သင့်တင့်ကောင်းမွန်သော အလုပ်ကိုင်ရရှိရန်ဖန်တီးပေးနိုင်ရေးသည် အဓိကအခန်းကဏ္ဍ၌ပါဝင်သဖြင့် နိုင်ငံတော် အစိုးရအနေဖြင့်လည်းဆင်းရဲမှုလျှော့ချရေး၊အလုပ်လုပ်နိုင်သူတိုင်းသင့်တင့်ကောင်းမွန်သော အလုပ်အကိုင်ရရှိရေး၊ အမှန်တကယ်အလုပ်လုပ်လိုသူများအား ကောင်းမွန်သောလုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရေး၊ စည်းကမ်းကောင်းမွန် ပြီး စွမ်းဆောင်ရည်ထက်မြက်သော ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေးနှင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော လူ့စွမ်းအားအရင်းအမြစ်တိုးတက်ခိုင်မာရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုပြပွဲများပြသခြင်းဖြင့် တစ်နေရာတည်းတွင် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းကောင်းများကို မြန်မာနိုင်ငံမှအလုပ်သမားများရှာဖွေရရှိနိုင်မည်ဖြစ်သလို လုပ်ငန်းရှင်များအနေဖြင့် လည်း ၄င်းတို့လိုအပ်သည့် အလုပ်သမားများကို ရွေးချယ်ခန့်ထားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်ရရှိရေး၊ ကျွမ်းကျင်အလုပ်သမား များရရှိရေးအတွက် လုပ်ငန်းခွင်ဝင်သင်တန်းများဖွင့်လှစ်ပေးရေး၊ အလုပ်လုပ်ကိုင်သူများအတွက် ဥပဒေပါ ခံစားခွင့်များနှင့်အညီ ခံစားခွင့်ရရှိစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပတွင်အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေးအတွက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ကို ၂၀၁၃ ခုနှစ်က ဖွဲ့စည်းပေးခဲ့ပြီးပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း(၁၈၄)ခု ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ ထို့အတူ ထိုင်း၊ မလေးရှား၊ ကိုးရီးယားသမ္မတနိုင်ငံတို့၌ အလုပ်သမားသံအရာရှိများထားရှိပြီး အဆိုပါနိုင်ငံများရှိ မြန်မာအလုပ်သမားရေးရာ ကိစ္စများကို ‌ဖြေရှင်းပေးလျက်ရှိကြောင်း၊ ပြည်ပသို့ အလုပ်သွား ရောက်လုပ်ကိုင်ခြင်းဖြင့် မြန်မာအလုပ်သမားများ၏ မိသားစုများဝင်ငွေရရှိခြင်း၊ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ ရရှိခြင်းတို့အပြင် ပြည်ပမှရရှိလာသော အတွေ့အကြုံ၊ ဗဟုသုတ၊ လုပ်ငန်းကျွမ်းကျင်မှုများကို ပြည်တွင်း၌ ပြန်လည်အသုံးချရန် ရည်ရွယ်ပါကြောင်း၊ ပြည်ပအလုပ်ကိုင်ကြီးကြပ်မှုကော်မတီကို လုပ်ငန်းကော်မတီ(၃)ခုဖြင့် ဖွဲ့စည်းထားရှိပြီး ပြည်ပရှိ မြန်မာအလုပ်သမားများ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ယခုအခါ ဝန်ကြီးဌာနမှ ထိုင်း၊ ကိုးရီးယားနိုင်ငံများသာမက ဂျပန်နိုင်ငံ JICA အဖွဲ့နှင့် MoU ရေးထိုး၍ ဂျပန်နိုင်ငံသို့ အလုပ် သမားများ စတင်စေလွှတ်နေပြီဖြစ်ကြောင်း၊ မိမိအနေဖြင့်အထူးပြုမှာကြားလိုသည်မှာ မြန်မာနိုင်ငံ၌ ပြည်ပအလုပ်ကိုင်အတွက် တရားဝင်အေဂျင်စီ(၁၈၄)ခု ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်လိုသူများသည် တရားဝင်အေဂျင်စီ၌ တရားဝင်မှတ်ပုံတင်၍ တရားဝင် လမ်းကြောင်းမှသွားရောက်ရန်ဖြစ်ကြောင်း၊ သို့မှသာ အခက်အခဲတစ်စုံတစ်ရာရှိလာပါက ဥပဒေကြောင်းအရ ဦးစားပေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ကြားပွဲစားများ၊ တရားမဝင်လုပ်ကိုင်သူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ခေါင်းပုံဖြတ်ခြင်း၊ အနိုင်ကျင့်ခံရခြင်းများ ဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ပြည်ပမှအရင်းအနှီး၊ နည်းပညာနှင့် ကျွမ်းကျင်မှုများကို ဖိတ်ခေါ်ဆောင်ရွက်နေသလို ပြည်တွင်းလုပ်ငန်းရှင်များ ပိုမိုလုပ်ကိုင်လာနိုင်ရန်လည်း အားပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကို ရန်ကုန်မြို့တွင် (၉)ကြိမ်နှင့် မန္တလေးမြို့တွင်(၄)ကြိမ် စုစုပေါင်း(၁၃)ကြိမ်ပြုလုပ်ပြီးဖြစ်ကြောင်း၊ အလားတူပင် အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း အလုပ်ကိုင်အခွင့်အလမ်းပြပွဲများ ပြုလုပ်သွားရန်တိုက်တွန်းပါကြောင်း ပြောကြားသွားပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားရာတွင် ယနေ့ပြည်တွင်းပြည်ပအလုပ်အကိုင်ပြပွဲသည် ပြည်ပမှအေဂျင်စီများ ပါဝင်ပြသသဖြင့် ထူးခြားသော ပြပွဲတစ်ခု ဖြစ်ပြီး၊ ယခုလိုကျင်းပနိုင်ခြင်းအတွက်လည်းဝမ်းမြောက်ပါကြောင်း၊ ပြည်ပအလုပ်အကိုင်လုပ်ကိုင်လိုသူ မြန်မာလူငယ်များအနေဖြင့် ပြည်တွင်း၌ပင် အလုပ်အကိုင်များကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့အချိန်၌ကမ္ဘာကြီးတွင် အလုပ်အကိုင်ရှားပါးမှုပြဿနာကို ကြုံတွေ့နေရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဆင်းရဲမှုလျှော့ချရေးကို ဆောင်ရွက်ရာတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းသည် အရေးပါသောကဏ္ဍ၌ပါဝင်ကြောင်း၊ ထိုင်း၊ မလေးရှားနှင့် ကိုးရီးယားသမ္မတနိုင်ငံတို့၌ မြန်မာအလုပ်သမားများ၏ ၁၀% ခန့် သွားရောက်လုပ်ကိုင်နေကြကြောင်း ပြည်ပသို့သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း၊ လူကုန်ကူးခြင်းမခံရအောင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း အစီအမံများချမှတ် ဆောင်ရွက် လျက်ရှိကြောင်း၊ တရားဝင်အေဂျင်စီများ၏ ဆောင်ရွက်မှုများကိုမသိသော အချို့သော အလုပ်သမားများသည် ကြားပွဲစားများ၏ လိမ်ညာမှုများနှင့် ငွေကြေးပိုမိုကုန်ကျရမှုများကို ခံနေကြရကြောင်း၊ ယခုလိုပြပွဲပြသခြင်းဖြင့် မိမိတို့လုပ်ကိုင်ရမည့် အလုပ်နှင့်ရရှိမည့်လစာတို့ကို အမှန်လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၊ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများ အဖွဲ့တို့မှ တာဝန်ရှိသူများက အမှာစကားများ ပြောကြားရာတွင် အလုပ်လုပ်လိုသော လူငယ်လူရွယ်များသည် လုံခြုံမှုရှိသောအလုပ်အကိုင်များရရှိရန် လိုအပ်ကြောင်း၊ အလုပ်လုပ်လိုသူများသည် ကျွမ်းကျင်မှုရှိပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်လွယ်ကူစေမည်ဖြစ်ကြောင်း၊ လုံခြုံခိုင်မာသော အလုပ်အကိုင်ရရှိစေခြင်းဖြင့် လူမှုဘဝကို ခိုင်မာစေမှာဖြစ်ပြီး မိသားစုအနာဂါတ်ဘဝ၏ ကောင်းမွန်သည့်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မှာ ဖြစ်ကြောင်း၊ ဤကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ပြုလုပ်ပေးခြင်းကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသွားပါသည်။

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ပြပွဲအား အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းနှင့် မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြပွဲရှိအေဂျင်စီပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ပါသည်။ ပြပွဲတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း (၅၀) ခုမှ ပြခန်းပေါင်း (၅၉)ခု ပြသထားပြီးအလုပ်အကိုင်ပြပွဲအား ၁-၃-၂၀၁၄ ရက်နေ့မှ ၂-၃-၂၀၁၄ ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲစတင်ကျင်းပသည့်နေ့၌ပင် ထိုင်းနိုင်ငံမှ အလုပ်ရှင်များ ကိုယ်တိုင်ရွေးချယ်သော ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြမည့် မြန်မာအလုပ်သမားအသစ် စုစုပေါင်း(၇၅၇)ဦးအား အေဂျင်စီ(၆)ခု၏ တာဝန်ယူဆောင်ရွက်ပေးမှုဖြင့် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ်များချုပ်ဆိုနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။