၁၄.၈.၂၀၁၂ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဖလန်းဆောင်ဒေသရှိ Hirikij Laoha Co.,Ltd ပိုင်ဆိုင်သော ခဲရည်ကျိုစက်ရုံ၌(ဝ၄းဝဝ)နာရီတွင် ညဆိုင်းဆင်းနေသောမောင်တင်မြင့်ဦး(ခ)နိုင်ဖုန်းငယ်(၃၅)နှစ် (ကရင်ပြည်နယ်၊ လှိုင်းဘွဲ့နေသူ)နှင့် မောင်စောနုနု(ခ)နိုင်တိုချေ(၂၀)နှစ် (ကရင်ပြည်နယ်နေသူ) အလုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့ကြောင်း၊၄င်းတို့နှစ်ဦးစက်ရုံအတွင်းဒဏ်ရာများဖြင့်လဲနေသည်ကို မြန်မာအလုပ်သမားကိုဘုန်းသာအောင် ဆိုသူအလုပ်လာစဉ်မြင်တွေ့ရ၍ဆေးရုံသို့တင်ပို့ခဲ့ကြောင်း၊ဆေးရုံသို့အရောက်တွင် မောင်တင်မြင့်ဦးမှာ သေဆုံးသွားကြောင်း ဦးပဉ္ဇင်းတစ်ပါးမှ အလုပ်သမားအရာရှိ ထံသို့ ဖုန်းဖြင့် ဆက်သွယ်လာခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်သမားအရာရှိမှ စက်ရုံပိုင်ရှင်၊ Ms Patoomgip ထံ ဆက်သွယ် မေးမြန်းရာတွင် အမှုအားထခန်းရဲစခန်းတွင် တိုင်ချက်ဖွင့်စစ်ဆေးနေကြောင်း၊ ဆေးရုံတက်နေသော စောနုနုအားစစ်ဆေးမေးမြန်း ခဲ့ရာ ၄င်းတို့နှစ်ဦးရန်ဖြစ်ရာမှ သံတုတ်များဖြင့် အချင်းချင်းရိုက်နှက်ခဲ့သဖြင့် ယခုကဲ့သို့ဖြစ်ရကြောင်း၊ရဲမှမေးမြန်းရာ တွင်လည်း စောနုနုမှ အနည်းငယ်ထွက်ဆိုသည်ဟု ပြန်လည်ဖြေကြားခဲ့ ကြောင်း၊ သေဆုံးသူအား သင်္ဂြုလ်စရိတ် ဘတ်(၂၀,ဝဝဝ)နှင့် လူမှုရေးထောက်ပံ့ငွေဘတ်(၇၀,ဝဝဝ) ထောက်ပံ့ပေးရန်ဆုံးဖြတ်ထားပါကြောင်းနှင့် ဒဏ်ရာ ရရှိသူ အားလည်း ဆေးဝါကုသပေးမည်ဟု ပြန်လည်ဖြေကြား ခဲ့ပါသည်။
သေဆုံးသူ၏ညီမနှင့် အဒေါ်ဖြစ်သူတို့မှ သေဆုံးမှုနှင့်ပတ်သက်၍ အလုပ်သမား(၂)ဦးတည်း စက်ရုံဝင်းအတွင်း အလုပ်လုပ်နေစဉ်ပြင်ပမှလူတစ်စုံတစ်ယောက်ကလာရောက်သတ်ဖြတ်ခဲ့သည်ဟု ထင်ပါကြောင်းပြောကြားခဲ့ပါသည်။ သို့သော် အလုပ်သမားများ အလုပ် လုပ်နေသောနေရာသည် ပြင်ပမှဝင်ရောက်ရန်ခက်ခဲကြောင်း၊ ဒဏ်ရာရရှိ ထားသော လူနာသည်လည်း ဒဏ်ရာပြင်းထန်သဖြင့် အထူးကြပ်မတ်ဆောင်တွင် ကုသမှု ခံယူနေရပြီး ပြင်ပတွင် ရဲများမှစောင့်ကြည့်နေကြောင်း၊ (၁၆.၈.၂၀၁၂)ရက်နေ့တွင် စက်ရုံရှိ အခြားအလုပ်သမားများအားထိုင်းရဲမှ ဆက်လက် စစ်ဆေးရန်ရှိကြောင်း၊ သေဆုံးသူသည် စက်ရုံတွင်လုပ်သက်(၁၀)နှစ် ကျော်ရှိသော အလုပ်သမားတစ်ဦးဖြစ်၍ ဒဏ်ရာရရှိသူ စောနုနုသည် လုပ်သက်(၃)နှစ်သာရှိသေးပြီး ထိုင်းနိုင်ငံအတွင်းသို့ မိမိတို့အစီအစဉ်ဖြင့် ဝင်ရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရှိရပါသည်။
သေဆုံးသွားသော မောင်တင်မြင့်ဦး၏ ဈာပနကို(၁၆.၈.၂၀၁၂) ရက်နေ့တွင် ဖလန်းဆောင်ဒေသရှိ ဝပ်တလုံကျောင်း တိုက်တွင် ပြုလုပ်ရာ အလုပ်သမားအရာရှိသွားရောက်ခဲ့၍ကျန်ရစ်သူမိသားစုအား အားပေး စကားပြောကြားခဲ့ပြီး အလုပ်ရှင်နှင့်နစ်နာကြေးညှိနှိုင်းပေးရာတွင်ယင်းစက်ရုံသည်အလုပ်သမားအားလုံးအတွက်လူမှုဖူလုံရေး ဆေး အာမခံပြုလုပ်ထားခြင်းမရှိသဖြင့် သေဆုံးသူအလုပ်သမားအတွက်နစ်နာကြေးကို လူမှုဖူလုံရေးဆေးအာမခံ မရနိုင် ကြောင်း စိစစ်တွေ့ရှိရပါသည်။
အလုပ်သမားအရာရှိသည် သေဆုံးသူ၏လူမှုကရုဏာကြေးပေးရန် အလုပ်ရှင်နှင့်ညှိနှိုင်းရာတွင် လူမှုကရုဏာကြေး အဖြစ် ဘတ်တစ်သိန်းနှင့် ဈာပနကိစ္စအတွက် ဘတ်နှစ်သောင်းကူညီပေးရန် သဘောတူညီချက် ရရှိခဲ့ပြီး အလုပ်ရှင်မှဈာပနကိစ္စအတွက် ဘတ်နှစ်သောင်းအား လက်ငင်းထုတ်ပေး၍ လူမှုကရုဏာကြေး ဘတ် တစ်သိန်းကို ဘဏ်ချက်လက်မှတ်ဖြင့် သေဆုံးသူ၏ ညီမနှစ်ဦးအားပေးချေရန်၊ ကျန်အလုပ်သမားများအတွက် လူမှုဖူလုံရေးအာမခံ (ပကန်ဆန်ကုန်)အား အမြန်ဆုံးပြုလုပ်ပေးရန်၊ ဆေးရုံတွင်ဒဏ်ရာဖြင့်ဆေးကုသနေသူအတွက် အလုပ်ရှင်မှဆေးဝါး အတွက် ကုန်ကျစရိတ်ကျခံပေးပါရန်နှင့် အမှုအားထိုင်းဥပဒေနှင့်အညီ ဆောင်ရွက် ပေးရန် အလုပ်ရှင်အားမှာကြား ရှင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။