အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အရှေ့အဝိုင်းကျေးရွာ၊ ကွင်းအမှတ် (၆၅၂-ဂ)ရှိ Mr. Wu Jian Ping (တရုတ်နိုင်ငံသား)ပိုင် Kfine International Garment အထည်ချုပ်စက်ရုံရှိ အလုပ်သမားများသည် စက်ရုံတွင် အလုပ်ချိန်မှာ (၀၇:၃၀) နာရီမှ ည (၁၀:၃၀) နာရီအထိ ဖြစ်၍ တစ်ရက်လျှင် (၁၅) နာရီဖြင့် ပိတ်ရက်မရှိဘဲ အချိန်ပို အလွန်အကျွံလုပ်ကိုင်နေရ သဖြင့် သတ်မှတ်ထားသောအလုပ်ချိန်အတိုင်းသာ လုပ်ကိုင်စေလိုကြောင်း၊ အချိန်ပိုအလုပ် ချိန်ကို လျှော့ပေးစေလိုကြောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ည (၁၀:၃၀) နာရီအထိ အချိန်ပိုဆင်းရကြောင်း၊ ည (၁၀:၃၀) နာရီအထိ အချိန်ပို ဆင်းရ သော်လည်း ဖယ်ရီယာဉ်မှာ လမ်းတစ်ဝက်သာပို့ပေး၍ အဆင်မပြေသဖြင့် ဖယ်ရီယာဉ်စီစဉ်ပေးစေလိုကြောင်း၊ လူမှုဖူလုံ ရေးခံစားခွင့်များလည်း မရရှိကြောင်း၊ ကျန်းမာရေးမကောင်းသဖြင့် ရက်ပျက်ပါက ရက် မှန်ကြေးများနှင့် ကျွမ်းကျင် ကြေးများ ဖြတ်တောက်ပါကြောင်း၊ အလုပ်သမားတစ်ဦး အနေဖြင့် တစ်နာရီလျှင် အထည် ၅၈ ထည်မှ အထည် ၆၀ ထည်ခန့်ချုပ်လုပ်ရပြီး စက်လိုင်းတစ်လိုင်းလျှင် တစ်နာရီအထည် ၆၀ ထည်နှုန်း ချုပ်လုပ်ရသဖြင့် အလုပ်သမားများ မချုပ်လုပ်နိုင်သော စံချိန်များတောင်းခံကြောင်း၊ အလုပ်ချိန်အတွင်း အစည်းအဝေးခေါ်ယူ ခြင်းများ မပြုလုပ်စေလိုကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားများအား အလုပ် ထွက်ခိုင်းခြင်းများမပြုလုပ်စေလိုကြောင်း၊ အချိန်ပိုဆင်းရ သည်မှာ ၂ လခန့်ရှိပြီး တစ်ရက်မှ မနားရသေးကြောင်း သိရှိရပါသည်။

         အဆိုပါသတင်းနှင့်ပတ်သက်၍ ၂၆-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာန အောက်ရှိ တိုင်းဒေသ ကြီးပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ မန်နေဂျင်းဒါရိုက်တာ နှင့် မန်နေဂျာ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ် (၃) ဦး၊ အလုပ်သမား (၂၀) ဦးတို့အားတွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များ အရ အောက်ပါတို့ကိုသိရှိရပါသည်-

(က)    ၂၄-၆-၂၀၂၃ ရက်နေ့ စနေနေ့တွင် အလုပ်သမား (၂၀၀)ဦးခန့်အား (၁၂:၀၀) နာရီမှ (၂၂:၃၀) နာရီထိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ခွင့်ပြုအချိန်ပို နာရီထက်ကျော်လွန်ပြီး (၆) နာရီခွဲ ပိုမိုခိုင်းစေခဲ့သဖြင့် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက် ကျူးလွန်ခဲ့ကြောင်း၊

(ခ)    ၂၅-၆-၂၀၂၃ ရက်နေ့ (တနင်္ဂနွေ) နေ့တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသို့ ကြိုတင် ခွင့်ပြုချက်တောင်းခံမှုမရှိဘဲ အလုပ်သမား (၂၀၀) ဦးခန့်အား (၀၈:၀၀) နာရီမှ (၁၆:၃၀) နာရီထိ အလုပ်ခိုင်းစေခဲ့ခြင်း၊ ခိုင်းစေခဲ့သည့် အလုပ်သမားများအား ပုံမှန်ဒေးကြေး၏ (၃) ဆပေးချေထားသော်လည်း ရက်စားအနားပေးမှု မရှိခြင်း တို့ကြောင့် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံ များအက်ဥပဒေပုဒ်မ ၆၀ ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း၊

(ဂ)    စက်ရုံသည် အချိန်ပိုလုပ်ကိုင်ရာတွင် (၁၂:၃၀)နာရီမှ (၁၈:၃၀)နာရီထိ  နာရီဝက် အနားပေးခြင်းမရှိဘဲ (၅)နာရီထက်ပို၍ တစ်ဆက်တည်း ခိုင်းစေခဲ့ခြင်းတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပုဒ်မ ၆၃ပါ ပြဋ္ဌာန်းချက် များအား ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း၊

(ဃ)   စက်ရုံဖယ်ရီမှ လမ်းတစ်ဝက်ထိသာ ပို့ဆောင်ပေးသည်မှာ မှန်ကန်မှုမရှိပါ ကြောင်း၊ အလုပ်သမားများနေထိုင်သည့် အနီးဆုံးစုရပ်များထံသို့ ပို့ဆောင်ပေးပါ ကြောင်း၊ ဖယ်ရီစီစဉ်ပေးရန်တောင်းဆိုမှုအပေါ် မှတ်တိုင်အသစ်များအတွက် ဖယ်ရီကားများ ထပ်တိုးပေးထားပါကြောင်း၊ အလုပ်သမားများအတွက် ဖယ်ရီကို  မှတ်တိုင်စေ့ လူဦးရေမကျန်အောင် စာရင်းသေချာကောက်ပြီး  စီစဉ် ပေးထားပါကြောင်းနှင့် လူမှုဖူလုံရေး ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးထားပါ ကြောင်း၊

(င)   ခွင့်မတိုင်ဘဲ ခွင့်မဲ့ပျက်ကွက်ပါက ရက်မှန်ကြေး ကျပ် ၁၅,၀၀ဝ ဖြတ်တောက် ပါကြောင်း၊ ရှောင်တခင်ခွင့်ယူပါက ရက်မှန်ကြေး မဖြတ်ပါကြောင်း၊ ကျွမ်းကျင် ကြေးကို ကျွမ်းကျင်မှုပေါ်မူတည်၍ ကျပ် ၁၅,၀၀ဝ မှကျပ် ၃၀,၀၀ဝ ထိပေးထား ပါကြောင်း၊

(စ)    စံချိန်သတ်မှတ်မှုနှင့်ပတ်သက်၍ အလုပ်သမားအများစုပေးနိုင်သော စံချိန် အထည် ၂၀ မှ အထည် ၃၀ အတွင်းသာ တောင်းခံထားပြီး စံချိန် အထည် ၆၀ တောင်းခံထားခြင်းမှာ မှန်ကန်မှုမရှိပါကြောင်းနှင့် အလုပ်ချိန်ကိုသတ်မှတ် ထားသည့် အချိန်အတိုင်း အတိအကျခေါပြီး အလုပ်ချိန်ထဲမှ အစည်းအဝေး ခေါ်ယူခြင်း မရှိပါကြောင်း၊

(ဆ)   ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မီးဖွားခွင့်နှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ပေးထားကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အလုပ်မှထွက်ခိုင်းခြင်းဆိုသည်မှာ မှန်ကန်မှုမရှိပါကြောင်း၊

                     Kfine International Garment အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့်သတင်း ရရှိမှုအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ သတင်းဖော်ပြ ချက် (၁၀) ချက်အနက် အချက် (၈) ချက်သည် မှန်ကန်မှု မရှိပါကြောင်းနှင့် ကျန် (၂) ချက်ဖြစ်သည့် ၂၅-၆-၂၀၂၃ ရက်နေ့ (တနင်္ဂနွေ) နေ့တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ကြိုတင်ခွင့်ပြုချက်တောင်းခံမှုမရှိဘဲ လုပ်ကိုင်ခဲ့ခြင်း၊ အချိန်ပို မလုပ် ကိုင်မီ နာရီဝက်အနားမပေးဘဲ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ခွင့်ပြု နာရီထက် (၆) နာရီခွဲ ကျော်လွန် ခိုင်းစေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၆၀ နှင့် ၆၃ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန် ခဲ့သော လုပ်ငန်းပိုင်ရှင်နှင့် မန်နေဂျာတို့အား ဥပဒေပုဒ်မ ၈၅ အရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန