၃-၂-၂၀၁၃
အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန နှင့် Mandalay
Consultant Group (MCG) တို့ပူးပေါင်းပြီး အလုပ်အကိုင်ရှာဖွေသူများနှင့် အလုပ်အကိုင်ပေးလိုသူ လုပ်ငန်းရှင်များ အား တိုက်ရိုက်ထိတွေ့ကာ အလုပ်အကိုင်ရရှိစေရန် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပွဲကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၀၉း၀၀)နာရီ တွင် မန္တလေးမြို့ ရတနာပုံဈေး Diamond Plaza ပဉ္စမထပ်၌ ကျင်းပရာ အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ၊ မန္တလေးတိုင်းဒေသကြီး သစ်တောနှင့်သတ္တုဝန်ကြီး ဦးသန်းစိုးမြင့် နှင့် Mandalay Consultant Group (MCG) Director ဒေါ်နှင်းပွင့်ဖြူ တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် နှင့် တိုင်းဒေသကြီး ၀န်ကြီးတို့မှ အမှာစကားပြောကြားကြပြီး Mandalay Consultant Group (MCG) Director မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းရှာဖွေပွဲတွင် နိုင်ငံခြားကုမ္ပဏီ (၂)ခုအပါအ၀င် ပြည်တွင်းကုမ္ပဏီပေါင်း (၃၇) ခု တို့က အလုပ်အကိုင်ရှာဖွေသူများထံမှ အလုပ်လျှောက်လွှာလက်ခံခြင်း ၊ အင်တာဗျူးပြုလုပ်ခြင်း၊ အရည်အချင်း ကိုက်ညီပါက နေ့ချင်းပြီး အလုပ်ခန့်ထားပေးခြင်းများ ဆောင်ရွက်ကြပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မှ လည်း အလုပ်သမားမှတ်ပုံတင်ကဒ်မရရှိသေးသူများအား အလုပ်သမားမှတ်ပုံတင် တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်အကိုင်ရှာဖွေသူပေါင်း ၃၀၀၀ ကျော် လာရောက်လေ့လာလျှောက်ထားကြပြီး လူ ၄၀၀ ကျော် အား နေ့ချင်းပြီး အလုပ်ခန့်ထားနိုင်ကာ ကျန်ရှိသူများအား ဆက်လက် စိစစ်ခန့်ထားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။