အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြရတနာလမ်း၊ အမှတ် (၁၈)ရှိ ဒေါ်ရန်အားရှင်ပိုင် Heng Run (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံ အလုပ်သမားများသည် အလုပ်ချိန်မှာ နံနက် (၇:၂၀)နာရီမှ ည (၈:၀၀) နာရီထိ လုပ်ကိုင်နေရကြောင်း၊ တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များတွင် နားရက် မရှိ အချိန်ပိုဆင်းရကြောင်း၊ အချိန်ပိုကို ည(၈:၀၀)နာရီအထိ ခိုင်းစေကြောင်း၊ ၂၅-၇-၂၀၂၃ ရက်နေ့အထိ အချိန်ပိုဆင်းရန် သဘောတူလက်မှတ်များ ကြိုတင်ကောက်ခံခြင်း၊ အလုပ် သမား အခွင့်အရေးချိုးဖောက်ခံနေရကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ WCC ဖွဲ့စည်းထားသော်လည်း အဖွဲ့ဝင်များအား မသိရှိကြောင်းနှင့် ဆေးပေးခန်း တွင် ဆေးများလုံလောက်စွာ မထားရှိကြောင်းသိရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ ၁၂-၇-၂၀၂၃ ရက်နေ့တွင် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ် ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ စက်ရုံပိုင်ရှင်၊ မန်နေဂျာ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် အလုပ်သမားကိုယ်စား လှယ် ၃ ဦး၊ အလုပ်သမား (၂၂) ဦးတို့အားတွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက် များအရ အောက်ပါတို့ကိုသိရှိရပါသည်-

(က)   စက်ရုံ၏အလုပ်ချိန်မှာ တစ်ရက်လျှင် (၈:၀၀)နာရီဖြစ်ပြီး နာရီဝက် အနားပေး ထားကြောင်း၊ အချိန်ပိုကို တစ်ရက်လျှင် (၂) နာရီ ခိုင်းစေကြောင်း၊ ည (၈:၀၀) နာရီထိ အချိန်ပိုခိုင်းစေခြင်းမျိုး မရှိပါကြောင်းနှင့် အများပြည်သူအလုပ်ပိတ် ရက်နှင့် ရက်သတ္တပတ်အလုပ်ပိတ်ရက်များတွင် အလုပ်လုပ်ကိုင်ရခြင်းမရှိကြောင်း၊

(ခ)     အလုပ်သမားများအား ဥပဒေနှင့်အညီ ခွင့်ရက်များဖြစ်သည့် ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်၊ လုပ်သက်ခွင့်နှင့် မီးဖွားခွင့်တို့ကို အခြေခံလစာ (ဒေးကြေး) အပြည့်ဖြင့် ခံစားခွင့်များပေးထားကြောင်း၊

(ဂ)    အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) ချုပ်ဆိုထားပြီး ဖြစ်ပါကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC)ဖွဲ့စည်းရန် အလုပ်သမား ကိုယ်စားလှယ် (၃) ဦး ရွေးချယ်ရာ တွင် အလုပ်သမားများကိုယ်တိုင်မဲပေး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊

(ဃ)   စက်ရုံ ဆေးပေးခန်းတွင် သူနာပြုဆရာမ တစ်ဦးခန့်အပ်တာဝန်ပေးထားပြီး ဆေးပစ္စည်းများလုံလောက်စွာ ထားရှိပါကြောင်း။

          Heng Run (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်းဖော်ပြထားမှုများအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများ အရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန