အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာသာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဝက်မစွပ်ဝန်ထောက်လမ်း၊ အမှတ်(၄၈၀)ရှိ Mr. Bao Gong ming ပိုင်ဆိုင်သည့် Hanboom (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံရှိ အလုပ်သမား များအား တနင်္လာနေ့မှ စနေနေ့ထိ နေ့စဉ်မနက် (၀၈:၀၀) နာရီမှ ည (၈:၄၀)နာရီထိ အချိန်ပို လုပ်ကိုင်ရကြောင်း၊ တနင်္ဂနွေ ပိတ်ရက်များတွင်  မနက်(၀၈:၀၀)နာရီမှ ညနေ (၄:၀၀)နာရီထိ အချိန်ပိုလုပ်ကိုင်ရ ကြောင်း သိရှိရပါသည်။

         အဆိုပါသတင်းဖော်ပြချက်နှင့်ပတ်သက်၍ ၂၈-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ Vice General Manager နှင့် မန်နေဂျာ၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်(၃) ဦး၊ လိုင်းအလိုက်အလုပ်သမားကိုယ်စားလှယ်(၂၅)ဦး တို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါတို့ကိုသိရှိရပါသည်-

(က)   စက်ရုံ၏အလုပ်ချိန်မှာ တနင်္လာနေ့မှသောကြာနေ့ထိ (၀၈:၀၀)နာရီမှ (၁၆:၄၀) နာရီအထိဖြစ်ပြီး၊ စနေနေ့အလုပ်ချိန်မှာ (၀၈:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ဖြစ်ကြောင်း၊ အချိန်ပိုလုပ်ကိုင်ရာတွင် အလုပ်သမားများအား (၀၈:၃၀)နာရီအထိ အချိန်ပိုခိုင်းစေခြင်း မရှိကြောင်း၊

(ခ)    အချိန်ပိုခွင့်ပြုမိန့်ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လှိုင်သာယာစက်မှုဇုန်ရုံးတွင် ခွင့်ပြုမိန့် ကြိုတင်လျှောက်ထားရယူ၍ လုပ်ကိုင် ဆောင်ရွက်နေသောစက်ရုံဖြစ်ပြီး ခွင့်ပြုအချိန်ပိုနာရီအတိုင်း လုပ်ကိုင်ဆောင် ရွက်လျက်ရှိကြောင်း၊ အချိန်ပိုခေါ်ယူရာတွင် စက်ရုံဘက်မှ အတင်းအကြပ်ခိုင်း စေခြင်းမရှိဘဲ အလုပ်သမားများ၏ သဘောဆန္ဒအတိုင်းသာ လုပ်ကိုင်ကြောင်း၊

(ဂ)    ရက်သတ္တပတ်အလုပ်ပိတ်ရက်ဖြစ်သော (တနင်္ဂနွေ)နေ့တိုင်း အချိန်ပိုလုပ်ကိုင် ရခြင်းမရှိဘဲ ၄-၆-၂၀၂၃ ရက်နေ့(တနင်္ဂနွေနေ့)တွင် စက်ရုံမှ အော်ဒါအရေးကြီး သည့်အတွက် လုပ်ငန်းလုပ်ကိုင်ရန် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေး ရေးဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက်လျှောက်ထား၍ ခွင့်ပြုအချိန်အတိုင်း လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ အချိန်ပိုလုပ်ကိုင်ခဲ့သည့်အလုပ်သမားများအား ၆-၆-၂၀၂၃ ရက်နေ့တွင် ရက်အစားထိုး အနားပြန်လည်ပေးထားကြောင်း၊

(ဃ)   စက်ရုံရှိ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ကိုလည်း အလုပ်သမားများ၏ သဘော ဆန္ဒအရ မဲပေး၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း။

Hanboom (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်းဖော်ပြထားမှုများအပေါ် အလုပ်ရှင်နှင့်အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများ အရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန