အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ညောင်ဦးမြို့၊ ပခုက္ကူမြို့များရှိ ဝန်ကြီးဌာနလက်အောက်ခံရုံးများသို့ သွားရောက်စစ်ဆေး၍ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထင်အောင် သည် စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ဝန်ကြီးဌာနလက်အောက်ခံ ရုံးဌာနများသို့ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးမှ နိုင်ငံတော်၏ Third Wave ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ကို ဝန်ထမ်းများအားလုံးသိရှိပြီး စိတ်ဓာတ်ပါ ပြုပြင်ပြောင်းလဲ၍ လုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ပြီးမြောက်စေရေး စွမ်းဆောင်ရည်မြှင့်တင်ပြီး ကြိုးစားအားထုတ် သွားကြရန်လည်းကောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင်းလင်းမြင်သာရှိမှု၊ ဝန်ထမ်းစည်းမျဉ်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်ကိုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများပီပီ တာဝန်သိ၊ သစ္စာရှိစွာဖြင့် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန်ကိုလည်းကောင်း၊ လူမှုဖူလုံရေး၏ အာမခံအကျုံးဝင်မှတ်ပုံတင်ထားသူများအား ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအသစ်အရ ထည့်ဝင်ကြေးနှုန်းထားများ၊ အကျိုးခံစားခွင့်များနှင့်ပတ်သက်၍ သိရှိနားလည် သဘောပေါက်စေရန် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပေးရန်ကိုလည်းကောင်း၊ လူမှုဖူလုံရေးဆေးခန်းရှိ ဆေးပစ္စည်းများ စနစ်တကျထားရှိရန်၊ အညစ်အကြေးစွန့်ပစ်မှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးတို့အတွက် အထူးဂရုပြုဆောင်ရွက် သွားကြရန်ကိုလည်းကောင်း၊ ဆရာဝန်၊ သူနာပြုများအနေဖြင့် လူနာများအပေါ်တွင် မေတ္တာ စေတနာထားကာ စိတ်ထားဖြူစင်စွာဖြင့် ပြုစုကုသပေးရန်ကိုလည်းကောင်း၊ ရုံးလုံခြုံရေး၊ ရုံးများဥပဓိရုပ်ကောင်းမွန် ရေး၊ ရုံးများကြံခိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးတို့ကို စဉ်ဆက်မပြတ် အထူးဂရုပြုဆောင်ရွက်ကြရန်ကိုလည်းကောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

